Tuesday, May 18, 2010

``နတ်ကိုးကွယ်မှု´´


``နတ်ကိုးကွယ်မှု´´

လူ့ဘ၀ထက် နတ်ဘ၀သည် အစစအရာရာ သာလွန်မြင့်မြတ်သည့်အတွက် လူတို့သည်
နတ်တို့ကို အားထားရာ၊
မှီခိုရာ၊ ကိုးကွယ်ရာ-ဟုထင်ခဲ့ကြသည်။ ဤသို့ထင်မြင်ယူဆ၍ လောက၌
``နတ်ကိုးကွယ်မှု´´ဟူသော အစဉ်အလာ ဖြစ်ပေါ်ခဲ့ဟန်တူသည်။ ``နတ်´´ဟူသော
ဝေါဟာရသည်ပင် ``နာထ´´ဟူသောပါဠိမှ အဆင့်ဆင့်ပြောင်းလဲ၍ ``နတ်´´ဟု
မြန်မာမှုပြုခဲ့ကြသည်။ ``နာထ´´ဟူသောပါဠိ၏ အနက်အဓိပ္ပါယ်မှာ ``ကိုးကွယ်ရာ´´
``အကိုးကွယ်ကွယ်ခံ´´ ဟူ၍ဖြစ်သည်။ နတ်ကိုးကွယ်မှုသည် အလွန်ရှေးကျသော
ကမ္ဘာဦးဆီလောက်ကစ၍ ယနေ့အထိတည်ရှိနေသော ကိုးကွယ်မှုကြီးတစ်ရပ်ဖြစ်ကြောင်
လေ့လာသိရှိရပါသည်။

နတ်ကိုးကွယ်မှုကို ကမ္ဘာဦးကစ၍ လူတွေပြုလုပ်လာခဲ့ကြ၏။ ယနေ့အချိန်အထိ
နတ်ကိုးကွယ်မှုသည် မဆိတ်သုဉ်းသေးပေ။ ကာလ,ဒေသအခြေအနေအရသာ ကွာခြား၏။
နတ်ကိုးကွယ်မှုကတော့ ရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံ၌ ပုဂံပြည်
အနော်ရထာမင်းလက်ထက် မတိုင်မီကာလက ပုပ္ပါးတောင်ကြီးသည် ရှေးမင်းတို့၏
ယဇ်နတ်ပူဇော်ရာ ဌာနကြီးဖြစ်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။
အနော်ရထာမင်းလက်ထက်၌ ပုဂံပြည်ကို ဗုဒ္ဓသာသနာ ရောက်ရှိခဲ့သောကြောင့်သာလျှင်
သာသနာတော်၏ဆန့်ကျင်ဘက်ဖြစ်သော ကျွဲ,နွား-စသည်တို့ကို သတ်ဖြတ်၍
နတ်ပူဇော်မှုမျိုးများ အတန်အသင့်ပျော်ကွယ်ခဲ့၏။ သို့သော်လည်း
နတ်ပူဇော်မှုသည် ရှိမြဲရှိနေဆဲသာ ဖြစ်၏။

ယနေ့ မြန်မာလူမျိုးအချို့ ကိုးကွယ်နေကြသော အတွင်း ၃၇-မင်း၊ အပြင် ၃၇-မင်း
ဆိုသည်မှာ အနော်ရထာမင်းမြတ် ရွှေစည်းခုံဘုရားတည်ထားစဉ်ကာလက
နတ်ကိုးကွယ်သူများလည်း ဘုရားရှင်၏ ရှေ့တော်မှောက်လောက်လာအောင်
ဘုရားတံတိုင်းတော်အတွင်းဘက်၌ နတ်ရုပ် ၃၇-ရုပ်၊ တံတိုင်းအပြင်ဘက်၌ ၃၇-ရုပ်
ထုလုပ်ထားခြင်းကိုစွဲ၍
“အတွင်း ၃၇-မင်း၊ အပြင် ၃၇-မင်း”ဟု ယနေ့အထိ ခေါ်ဝေါ်နေကြခြင်းဖြစ်ကြောင်း
လေ့လာသိရှိရပါသည်။

ယနေ့ကမ္ဘာအရပ်ရပ်ရှိ နတ်ကိုးကွယ်သူများနှင့် မြန်မာဗုဒ္ဓဘာသာဝင်တို့၏
နတ်ကိုးကွယ်မှုသည် အခြေခံအားဖြင့် မတူညီကြပေ။ အခြားလူမျိုးများ၏
နတ်ကိုးကွယ်မှုသည် ကယ်တင်ရှင်၊ ဖန်ဆင်းရှင်၊ ဘုရားသခင်အဖြစ်နှင့်
ကိုးကွယ်ကြ၏။ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ နတ်ကိုးကွယ်မှုသည် နတ်ကို
ဘုရားအဖြစ်ကိုးကွယ်ကြသည် မဟုတ်ပေ။ နတ်က အန္တာရာယ်ပြုမှာ
ကြောက်သောကြောင့်လည်းကောင်း၊ နတ်က ပစ္စပ္ပုန်စီးပွားရေး, ကျန်းမာရေးကို
ပြုပေးနိုင်သည်ဟု ထင်သောကြောင့်လည်းကောင်း၊ မိမိတို့၏ မိဘရိုးရာ
ကိုးကွယ်ပူဇော်မြဲ ဖြစ်သောကြောင့် လည်းကောင်း ကိုးကွယ်ကြခြင်းဖြစ်ပါသည်။

“နတ်”ဟူသော စကားဝေါဟာရအတွင်း၌ ကမ္ဘပြု၊ သတ္တ၀ါပြု၊ ဖန်ဆင်းရှင်၊
ကယ်တင်ရှင်-ဟု ယူဆရသော “ထာဝရဘုရား”ကစ၍ ဗြဟ္မာများ၊ အထက်နတ်များ၊
အောက်နတ်များ အကုန်ပါဝင်နေကြ၏။ သို့သော် မြန်မာဗုဒ္ဓဘာသာဝင်များ
ကိုးကွယ်ကြသော “နတ်”ဟူသည်မှာ အထက်နတ်ဆိုလျှင် သိကြားနတ်များသာပါဝင်၍
ကျန်နတ်အားလုံးမှာ မြေပေါ်၌ရှိသော အောက်နတ်များသာ ဖြစ်လေသည်။
အောက်နတ်ဆိုသည်မှာ မြေပြင်နှင့် ဆက်စပ်နေသော သစ်ပင်,တော,တောင်ကို
အမှီပြုနေကြသည့် ဘုမ္မစိုး၊ ရုက္ခစိုးနတ်များနှင့် ထိုဘုမ္မစိုး၊
ရုက္ခစိုးနတ် တို့ကို အမှီပြု၍နေကြရသော အညံ့စားနတ်ငယ်မျိုးဖြစ်ပါသည်။
ဘုမ္မစိုး၊ ရုက္ခစိုးနတ်တို့နှင့်ဆက်စပ်မှု ရှိနေသည့် အတွက်
၎င်းနတ်ငယ်များကို နတ်စာရင်းအတွင်း ထည့်သွင်းဖော်ပြရသော်လည်း အမှန်မှာ
မြေဘုတ်မျိုး၊ တစ္ဆေမျိုး၊ သရဲမျိုးများသာဖြစ်ကြပေသည်။

လောက၌ နိမ့်သူနှင့်မြင့်သူ နှစ်ဦးရှိရာဝယ် နိမ့်သူကိုမြင့်သူက
ကိုးကွယ်ရိုး ပူဇော်ရိုး မရှိပေ။ မြင့်သူကိုသာ နိမ့်သူက ကိုးကွယ်ထိုက်၊
ပူဇော်ထိုက်၊ ရှိခိုးထိုက်ပေသည်။ ထိုနတ်ငယ်များသည် နတ်ယုတ်မာတွေသာများ၏။
၎င်းတို့သည် ရက်စက်ကြမ်းကြုပ်သော အသားစားမျိုးတွေဖြစ်၏။ ထို့ကြောင့်
သီလရှိသောလူသားများသည် အောက်နတ်များကို
ကျွေးမွေးပေးကမ်းခြင်းမျှသာထိုက်၏။ ရှိခိုးခြင်း၊ ပူဇော်ခြင်း၊
ကိုးကွယ်ခြင်းငှာ မထိုက်ပေ။ လူသားဖြစ်သော သူသည် ငါးပါးသီလမျှတည်ပါလျှင်
အောက်နတ်မျိုးကို မဆိုထားဘိ တာဝတိံသာနတ်ရွာသနင်း သိကြားမင်းသည်ပင်
ပူဇော်ရပေသည်။

နိဂုံးချုပ်အနေအားဖြင့် တင်ပြလိုသည်မှာ နတ်တို့ကိုပူဇော်ပသရာ၌
သူ့အသက်ကိုသတ်၍ပူဇော်ခြင်း၊ အရက်သေစာတို့ဖြင့်ပူဇော်ခြင်း၊ မုန့်ဖြူ,
မုန့်နီ, ဆီ, ထောပတ်-စသည်တို့ဖြင့်ပူဇော်ခြင်းတို့သည် တကယ်ထိရောက်သော
ပူဇော်ခြင်းမဟုတ်သည့်အတွက် အပူဇော်ခံရသောနတ်တို့မှာလည်း
ဘာမျှအကျိုးမရှိပေ။ ပူဇော်သူတို့မှာလည်း ဗလိနတ်စာအကျကိုစားရခြင်း၊
သောက်ရခြင်းကလွဲ၍ ဘာမျှအကျိုးမရှိပေ။ လူရော နတ်ပါ
အကျိုးရှိသည့်ပူဇော်ခြင်းဟူသည်မှာ ကုသိုလ်ကောင်းမှုတို့ကိုပြု၍
ထိုကောင်းမှု၏ အဖို့ဘာဂကို အမျှအတမ်း ပေးဝေခြင်းသာ ဖြစ်ပါသည်။

(၀န်းခံချက်။ ။ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
“ဘ၀ချမ်းသာဟူသည်နှင့် မဂ်ဟူသည်”စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။)

Monday, May 17, 2010

သည်းခံခြင်းနှင့်ပတ်သက်၍...´

Patience is the key of Paradise.
သည်းခံခြင်းသည် သုခဘုံအတွက် သော့တံဖြစ်သည်။ (တူရကီ စကားပုံ)

Cold tea and cold rice may be endured, but not cold looks and words.
အေးနေသည့် လဘက်ရည်နှင့်ထမင်းကို သည်းခံ၍စားသောက်နိုင်သော်လည်း၊
အေးတိအေးစက်အကြည့်နှင့် စိမ်းကားသည့်စကားလုံးများကိုမူ သည်းမခံနိုင်။
(ဂျပန် စကားပုံ) /i>

A man who cannot tolerate small ills can never accomplish great things.
သေးငယ်သည့်အခက်အခဲများကို သည်းမခံနိုင်သူသည် ကြီးမားသည့်အရာများကို
မည်သည့်အခါမှ ပြီးစီးအောင်လုပ်နိုင်မည်မဟုတ်။ (တရုပ် စကားပုံ)

An ounce of patience is worth a pound of brains.
သည်းခံခြင်း တစ်အောင်စသည် ဦးနှောက်တစ်ပေါင်ထက် ပို၍ကောင်းသည်။ (ဒတ်ခ်ျ စကားပုံ)

To err is human; to forgive divine.
လူတို့မည်သည် မှားတတ်စမြဲ။ ခွင့်လွှတ်သည်းခံခြင်းသည် မြတ်၏။ (အင်္ဂလိပ် စကားပုံ)

``သည်းခံခြင်းဟူသောပန်းတစ်ပွင့်သည် အသည်းနှလုံးတိုင်းတွင်
မပွင့်နိုင်ချေ´´ဟု ပညာရှိဒဿနဆရာတစ်ဦးက မိန့်ဆိုထားသည်။

လူသားတိုင်း၏အသည်းနှလုံးတွင် သည်းခံခြင်းဟူသောပန်းများ
ပွင့်လန်းခဲ့ပါလျှင် ကမ္ဘာလောကကြီးသည် သာယာစိုပြေ၍
ကမ္ဘာသူ/ကမ္ဘာသားတို့သည်လည်း ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ကြပေမည်။
``အမှိုက်ကစ ပြာသာဒ်မီးလောင်´´ဆိုသည့် စကားအတိုင်း လူတစ်ဦးနှင့်တစ်ဦး
သည်းမခံနိုင်ကြဘဲ ခိုက်ရန်ဒေါသဖြစ်ပွားရာမှ မိသားစု တစ်စုနှင့်တစ်စု
အမုန်းပွားခဲ့ကြ၏။ ရွာတစ်ရွာနှင့်တစ်ရွာ သဘောထားကွဲလွဲခဲ့ကြ၏။
မြို့တစ်မြို့နှင့်တစ်မြို့ အဆင်မပြေဖြစ်ခဲ့ကြ၏။ နောက်ဆုံးတွင် နိုင်ငံ
တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ဖြစ်ကြသည်အထိ သည်းမခံနိုင်မှုဒေါသက
လူသားတို့ကို အကျိုးမဲ့ဖြစ်စေခဲ့သည်။ လူသားတို့၏နှလုံးသား၌
သည်းခံနိုင်မှုစွမ်းအား
နည်းပါးခဲ့သောကြောင့် ပထမကမ္ဘာစစ်ကြီးသည်လည်းကောင်း၊
ဒုတိယကမ္ဘာစစ်ကြီးသည်လည်းကောင်း ဖြစ်ပွားခဲ့၏။ ယခုလက်ရှိအခြေအနေတွင်လည်း
ကမ္ဘာကြီး၏နေရာဒေသအချို့တွင် စစ်ပွဲများဖြစ်ပွားနေ၏။
ထိုသို့ဖြစ်ရခြင်းမှာလည်း သည်းမခံနိုင်မှုဒေါသကြောင့်ပင်ဖြစ်၏။
ကမ္ဘာသူ/ကမ္ဘာသားတို့သည် သည်းခံနိုင်မှုခန္တီတရားကို လက်ကိုင်မပြုဘဲ
ဒေါသတရားကို ရှေ့တန်းတင်နေကြမည်ဆိုလျှင် နောင်အနာဂတ်တွင်လည်း ကမ္ဘာပေါ်၌
စစ်ပွဲများ၊ ပြဿနာများ ဖြစ်ပွားနေဦးမည်သာ။

ဤလောက၌ လူတို့သည် စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ
လှုပ်ရှားရုန်းကန်နေရ၏။ ထိုသို့လှုပ်ရှားရုန်းကန်နေရချိန်ဝယ်
တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံရ၏။ ထိုသို့ပြောဆိုဆက်ဆံရာတွင်
အဆင်ပြေသည့်အခါလည်းရှိ၏။ အဆင်မပြေသည့်အခါလည်းရှိ၏။
သာမန်အဆင်မပြေရုံမျှဆိုလျှင် ဖြစ်ပေါ်လာသောပြဿနာကို
တစ်ခဏအတွင်းဖြေရှင်းနိုင်၏။ ထိုသို့မဟုတ်ဘဲ တစ်ဦးနှင့်တစ်ဦးအကြား
ကြီးမားသောအဖုအထစ်ဖြစ်ခဲ့လျှင် ဖြေရှင်းဖို့အတော်ပင်ခဲယဉ်း၏။
နောက်ဆုံးတွင် တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်ကြသည်အထိ
ပြဿနာကြီးမားသွားနိုင်၏။ ထိုသို့ဖြစ်ရခြင်းမှာ တစ်ဦးနှင့်တစ်ဦး
သည်းမခံနိုင်ခြင်းကြောင့် ဖြစ်၏။

ခွေးတစ်ကောင်နှင့်တစ်ကောင် ကိုက်ခြင်းသည်လည်းကောင်း၊
လူတစ်ယောက်နှင့်တစ်ယောက် ခိုက်ရန်ဒေါသ ဖြစ်ခြင်းသည်လည်းကောင်း၊
မိသားစုတစ်စုနှင့်တစ်စု အမုန်းပွားခြင်းသည်လည်းကောင်း၊
ရွာတစ်ရွာနှင့်တစ်ရွာ သဘောထားကွဲလွဲခြင်းသည်လည်းကောင်း၊
မြို့တစ်မြို့နှင့်တစ်မြို့ အဆင်မပြေခြင်းသည်လည်းကောင်း၊
နိုင်ငံတစ်ခုနှင့်တစ်ခု စစ်ဖြစ်ခြင်းသည်လည်းကောင်း
သည်းမခံနိုင်ခြင်းကြောင့်ဖြစ်၏။ ဤလူ့လောက, လူ့ဘ၀, လူတို့အကြားတွင်
သည်းခံခြင်းတရားရှိဖို့ အလွန်လိုအပ်၏။ သည်းခံခြင်းတရားသည်
ဖြစ်ပေါ်လာသောပြဿနာကို ကိုးဆယ့်ကိုးရာခိုင်နှုန်းခန့် ပြေလည်သွားနိုင်၏။
သည်းခံခြင်းကို လူတိုင်းနှစ်သက်မြတ်နိုးကြ၏။ လူတိုင်းလူတိုင်း
သည်းခံခြင်းတရားကို လက်ကိုင်ထားပါလျှင် လူ့လောက လူတို့အကြားဝယ်
အဆင်မပြေမှုပြဿနာအဖုအထစ်များ ချုပ်ငြိမ်းပျောက်ကွယ်သွားပေလိမ့်မည်။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် အလောင်းတော်ဘ၀တွင်လည်းကောင်း၊
ဘုရားဖြစ်တော်မူပြီးနောက်တွင် လည်းကောင်း သည်းခံခြင်းတရားကို
အထူးအလေးထားတော်မူခဲ့ပေသည်။ ဘုရားရှင်၏တပည့်သာဝကဖြစ်သော
အရှင်သာရိပုတ္တရာမထေရ်မြတ်သည်လည်းကောင်း၊ အရှင်ပုဏ္ဏမထေရ်မြတ်သည်လည်းကောင်း
သည်းခံခြင်းတရားကို လက်ကိုင်ထားခဲ့ပေသည်။ ရပ်ကွက်တစ်ခုတွင်လည်းကောင်း၊
ရွာတစ်ရွာတွင်လည်းကောင်း၊ မြို့တစ်မြို့တွင် လည်းကောင်း၊
နိုင်ငံတစ်နိုင်ငံတွင်လည်းကောင်း ခေါင်းဆောင်မှုပြု၍ အများအကျိုးကို
သည်ပိုးလိုသူတို့သည် သည်းခံခြင်းတရားရှိဖို့ အထူးလိုအပ်လှပါသည်။
သည်းခံခြင်းတရားမရှိသူများသည် ခေါင်းဆောင်ကောင်း မဖြစ်နိုင်သကဲ့သို့
အများ၏ချစ်ခင်မှုကိုလည်း ရရှိခံစားနိုင်မည်မဟုတ်ပေ။

ဤသို့အားဖြင့် မိမိသည် သည်းခံခြင်းနှင့်ပတ်သက်သော အကြောင်းအရာတို့ကို
မိမိစွမ်းနိုင်သလောက် ရေးသားတင်ပြခဲ့ပါသည်။ စာဖတ်သူတို့အနေဖြင့်
မိမိရေးသားတင်ပြထားသော အကြောင်းအရာများထဲမှ ယူသင့်ယူထိုက်သော
အသိပညာများကို ဆောင်ယူလိုက်နာကြ၍ ပယ်သင့်ပယ်ထိုက်သော သင်ခန်စာများကို
ပယ်နှုတ်ကြပြီးလျှင် အသိပညာဗဟုသုတများဆထက်တံပိုး တိုးတက်ကြပါစေဟု
စစ်မှန်သောစေတနာဖြင့် ဆန္ဒပြုလိုက်ရပါသည်။ ``မမှားသောရှေ့နေ၊
မသေသောဆေးသမား´´ဆိုသည့်စကားအတိုင်း မိမိသည် အသိပညာဗဟုသုတ နည်းပါးသေးသော
ပုထုဇဉ်လူသားတစ်ယောက်ဖြစ်သည့်အတွက် ဤဆောင်းပါးငယ်၌ ချွတ်ယွင်းလွဲမှားသော
အကြောင်းအရားများ ပါကောင်းပါနိုင်ပါသည်။ စာဖတ်သူတို့သည်
ထိုချွတ်ယွင်းလွဲမှားသော အကြောင်းအရာများကို တွေ့ရှိပါက
ပြင်ဆင်ဖြည့်စွက်၍ ``သည်းခံမှုစွမ်းအား´´ဖြင့် ဖတ်ရှုကြမည်ဆိုလျှင်.......။

``လမ်းကောင်းလမ်းမှန်ကို ရွေးချယ်လျှောက်လှမ်းနိုင်ပါစေ´´

``You are the captain of your soul and the master of your fate. သင်ဟာ
သင့်အသက် သင့်ဘ၀ရဲ့ မာလိမ်မှူးဖြစ်ပြီး သင့်ကံကြမ္မာရဲ့ အရှင်သခင်လည်း
ဖြစ်ပေတယ်´´ဟု ကမ္ဘာကျော်စာရေးဆရာကြီးရှိတ်စပီးယားက သူ၏အမြင်ကို
တင်ပြခဲ့ဖူးပါသည်။ မှန်၏။ မိမိတို့သည် မိမိတို့ဘ၀၏ အရှင်သခင်ဖြစ်၏။
မိမိတို့ဘ၀ကို မိမိတို့ကိုယ်တိုင် ဖန်တီးနေကြခြင်းဖြစ်၏။
မိမိတို့လျှောက်လှမ်းရမည့် ဘ၀လမ်းခရီးကို မိမိတို့ကိုယ်တိုင်
ခုတ်ထွင်ရှင်းလင်းနေကြခြင်းဖြစ်၏။ မိမိတို့လျှောက်လှမ်းရမည့်
သံသရာခရီးလမ်းသည် အလွန်ရှည်ဝေးလှ၏။ ထိုရှည်ဝေးလှသော လမ်းခရီးသည်
ပန်းခင်းလမ်းကဲ့သို့ ဖြောင့်ဖြူးချောမွေ့နေသည်မဟုတ်။ ``Life is not a bed
of rose. It is full of ups and down. ဘ၀ဆိုတာ နှင်းဆီမွေ့ရာလိုမဟုတ်ဘူး၊
အဖုအထစ် အတက်အကျတွေနဲ့ ပြည့်နက်နေတယ်´´ဆိုသည့်စကားအတိုင်း ဘ၀လမ်းခရီးသည်
ကြမ်းတမ်းလှ၏။ ခက်ထန်လှ၏။ ရှုပ်ထွေးလှ၏။

မည်သည့်ပုဂ္ဂိုလ်မဆို အကောင်းနှင့်အဆိုးတွင် အကောင်းကိုသာ ယေဘုယျအားဖြင့်
နှစ်သက်ကြ၏။ မြတ်နိုးကြ၏။ တွယ်တာတပ်မက်ကြ၏။ သို့သော် မိမိတို့ ပြုမူ,
ပြောဆို, ကြံစည်နေကြသည်မှာ အဆိုးတွေသာများ၏။ ဒါလည်း အပြစ်မဆိုသာပေ။
မိမိတို့ကျင်လည်နေရသော ပတ်ဝန်းကျင်သည် ကာမဂုဏ်အာရုံတွေက များလှ၏။
အကောင်းပြုဖို့ထက် အဆိုးပြုဖို့က ပို၍လွယ်ကူသလိုရှိ၏။ မည်သို့ပင်ဆိုစေ
အမည်းရှိလျှင် အဖြူလည်းရှိမည်သာဖြစ်၏။ အကောက်ရှိလျှင်
အဖြောင့်လည်းရှိမည်သာဖြစ်၏။ ထို့အတူ အဆိုးရှိလျှင်
အကောင်းလည်းရှိမည်သာဖြစ်ပေသည်။ မြတ်စွာဘုရားရှင်သည် အလောင်းတော်ဘ၀တွင်
သေခြင်းတရား၏ဆန့်ကျင်ဘက်ဖြစ်သော သေခြင်းကင်းရာနိဗာန်ကို
ရှာဖွေခဲ့သည်မဟုတ်ပါလော။

မိမိတို့လျှောက်လှမ်းနေရသော ဘ၀လမ်းခရီးသည် ဆိုးလှ၏၊ ကြမ်းလှ၏၊ ရှုပ်လှ၏၊
ထို ဆိုးလှ, ကြမ်းလှ, ရှုပ်လှသော ဘ၀လမ်းခရီးရှိလျှင် ကောင်းမွန်သော,
နူးညံ့သော, သာယာဖြောင့်ဖြူးသော ဘ၀လမ်းခရီးသည်လည်း ရှိမည်ဧကန်သာဖြစ်၏။
မိမိတို့လျှောက်လှမ်းမည့် ဘ၀ခရီးလမ်းကို မိမိတို့ကိုယ်တိုင်
ရွေးချယ်ခွင့်ရှိ၏။ ခုတ်ထွင်ရှင်းလင်းနိုင်ခွင့်ရှိ၏။
ဖန်တီးနိုင်ခွင့်ရှိ၏။ မိမိတို့ ဘယ်လမ်းခရီးကို
ရွေးချယ်လျှောက်လှမ်းကြမည်နည်း။ မိမိတို့သည် ရှည်လျားလှသော
ဘ၀သံသရာခရီးလမ်းကို လျှောက်လှမ်းလာခဲ့ကြသည်မှာ ကြာပြီဖြစ်၏။ ယခုလည်း
လျှောက်လှမ်းနေကြဆဲဖြစ်၏။ နိဗာန်မရမီ နောင်ဘ၀အဆက်ဆက်တွင်လည်း
လျှောက်လှမ်းကြရပေဦးမည်။

မိမိတို့သည် ဧကန်မုချသေကြရဦးမည်။
သေလျှင်(နိဗာန်သို့မရောက်သေးမျှကာလပတ်လုံး) ငရဲ, တိရစ္ဆာန်, ပြိတ္တာ,
လူ့ဘုံ, နတ်ဘုံ-ဟူသော ဂတိဘုံဌာန(၅)မျိုးတို့တွင် တစ်မျိုးမျိုးသို့
လားရောက်ကြရပေဦးမည်။ ထိုဂတိဘုံဌာန(၅)မျိုးတွင်လည်း လူ့ဘုံ, နတ်ဘုံ-ဟူသော
သုဂတိဘ၀သို့ရောက်ဖို့ထက် ငရဲ, တိရစ္ဆာန်, ပြိတ္တာ-ဟူသော
ဒုဂ္ဂတိဘ၀သို့ရောက်ဖို့က ၉၉%(ကိုးဆယ့်ကိုးရာခိုင်နှုန်း)လောက် သေချာနေ၏။
အဘယ့်ကြောင့်နည်း။ မိမိတို့သည် ပုထုဇဉ်လူသားတွေသားတွေသာများ၏။
ပုထုဇဉ်မှန်လျှင် အကုသိုလ်မကောင်းမှုတို့ကိုသာ ပြုမူ, ပြောဆို,
ကြံစည်သည်ကများ၏။ ထို့ကြောင့် လူ့ဘုံ, နတ်ဘုံ-ဟူသော ပန်းခင်းလမ်း
အလင်းလမ်းကို လျှောက်လှမ်းရဖို့ထက် ငရဲ, တိရစ္ဆာန်, ပြိတ္တာဘုံ-ဟူသော
ဆူးခင်းလမ်း အမှောင်လမ်းကို လျှောက်လှမ်းရဖို့က ပို၍အားသာပေသည်။

မိမိတို့သည် ယခုလက်ရှိအချိန်၌ အလွန်ရခဲလှသော လူ့ဘုံ လူ့ဘ၀ကို
ရရှိရောက်ရှိနေကြပြီဖြစ်၏။ အလွန်တွေ့ကြုံခဲလှသော
ဘုရားသာသနာတော်မြတ်နှင့်လည်း တွေ့ကြုံခွင့်ရနေ၏။ လူ့ဘုံ လူ့ဘ၀သည် လမ်းဆုံ
လမ်းခွနှင့်တူ၏။ ထိုလမ်းဆုံလမ်းခွမှ အရှေ့သို့လည်းသွားနိုင်၏။
အနောက်သို့လည်းလျှောက်နိုင်၏။ အထက်သို့လည်းတက်နိုင်၏။
အောက်သို့လည်းဆင်းနိုင်၏။ ဘ၀၏အဆုံးပန်းတိုင်ဖြစ်သော နိဗာန်သို့လည်း
ဤလူ့ဘ၀လမ်းဆုံမှ လျှောက်လှမ်းနိုင်ပေသည်။ မိမိတို့သည် အတိတ်ဘ၀တို့၌
ကောင်းမှုအကျင့်တရားများကို ပြုလုပ်ကျင့်ကြံခဲ့ကြ၍ မြင့်မြတ်လှသော
လူ့ဘုံလူ့ဘ၀ကို တက်လှမ်းနိုင်ခဲ့ကြ၏။ ဤလူဘုံလူ့ဘ၀မှ
အောက်သို့ပြုတ်ကျမသွားအောင် မိမိကိုယ်မိမိ ထိန်းသိမ်းစောင့်ရှောက်၍
ကောင်းမှုအကျင့်တရားများကို ပြုလုပ်ကြရဦးမည်ဖြစ်၏။
``အမြင့်သို့ရောက်အောင်တက်သည့်အခါ၌ ခြေလှမ်းပေါင်းထောင်သောင်းမက
တက်ခဲ့ရသော်လည်း အနိမ့်သို့ကျရာမှာတော့ ခြေတစ်လှမ်းမှားရုံဖြင့်
အောက်သို့ရောက်သွားနိုင်သည်´´ဟု ပြင်သစ်ဧကရာဇ် နပိုလီယံဘိုနာပတ်က
သူ၏အမြင်ကို တင်ပြထားသည်။ မှန်၏။ ဤလူ့ဘုံလူ့ဘ၀မှ
အထက်သို့တက်လှမ်းနိုင်ဖို့ထက် အောက်သို့ပြုတ်ကျဖို့က ပို၍လွယ်ကူပေသည်။
``မိမိသည်သာလျှင် မိမိ၏ကိုးကွယ်ရာ´´ဟူသကဲ့သို့
မိမိတို့လျှောက်လှမ်းကြရမည့် ဘ၀လမ်းခရီးကို မိမိတို့ကိုယ်တိုင်
ရွေးချယ်လျှောက်လှမ်းကြရမည်ဖြစ်၏။

အန္ဓပုထုဇဉ်နှင့် ကလျာဏပုထုဇဉ်နှစ်မျိုးတို့တွင် အန္ဓပုထုဇဉ်၏အဖြစ်သည်
စဉ်းစားတွေးခေါ်ဥာဏ်နည်းလှသဖြင့် ထင်မိထင်ရာလုပ်မိတတ်ကြ၍ အမှားများစွာကို
ကျူးလွန်တတ်ကြပါသည်။ အမှားများစွာကိုကျူးလွန်သဖြင့်
မကောင်းသောအပါယ်လေးဘုံသို့ လားရောက်ရတတ်ပေသည်။ ကလျာဏပုထုဇဉ်၏အဖြစ်သည်
စဉ်းစားတွေးခေါ်မြော်မြင်၍ ပြုမူဆောင်ရွက်တတ်ကြသဖြင့် အမှားအယွင်းနည်းစွာ
ကောင်းကျိုးတရားတို့ကို ပြုလုပ်တတ်ကြပေသည်။
ကောင်းကျိုးတရားတို့ကိုပြုလုပ်ကြသဖြင့် ကောင်းသောသုဂတိဘုံဘ၀တို့သို့
လားရောက်ကြရပေမည်။ ငရဲ, တိရစ္ဆာန်, ပြိတ္တာ-ဟူသော ဒုဂ္ဂတိဘုံသည်
အလွန်ဆင်းရဲပင်ပမ်းစွာ ဒုက္ခမျိုးစုံကိုခံစားကြရသဖြင့်
ကြောက်စရာအလွန်ကောင်းလှပါ၏။ လူ့ဘုံ, နတ်ဘုံ-ဟူသော သုဂတိဘုံသည် ငရဲ,
တိရစ္ဆာန်, ပြိတ္တာ-ဟူသော အပါယ်ဒုဂ္ဂတိဘုံများနှင့်နှိုင်းယှဉ်လျှင်
အလွန်ချမ်းသာသည်ဟုဆိုရပေမည်။ ထို့ကြောင့် မိမိတို့ကိုယ်တိုင်
ကလျာဏပုထုဇဉ်ဖြစ်အောင်ကြိုးစား၍ မိမိအကျိုးစီးပွား၊
သူတပါးအကျိုးစီးပွားတို့ကို ကောင်းသထက်ကောင်းအောင် ဆောင်ရွက်ကြရပေမည်။
သို့မှသာလျှင် သုဂတိဘ၀ချမ်းသာကိုရရှိကြ၍ အဆုံးစွန်သောဘ၀၌
နိဗာန်မဂ်ဖိုလ်ကို မျက်မှောက်ပြုနိုင်ကြမည်ဖြစ်ပေသည်။

ဤဆောင်းပါးကိုလေ့လာဖတ်ရှုမိကြသော ပုဂ္ဂိုလ်အပေါင်းတို့သည်
မိမိတို့လျှောက်လှမ်းကြရမည့် ဘ၀သံသရာခရီးလမ်းကို မိမိတို့ကိုယ်တိုင်
အကောင်းဆုံးရွေးချယ်နိုင်ကြ၍ ဒုဂ္ဂတိဘ၀များသို့မလားရောက်ရဘဲ
သုဂတိဘ၀တို့၌သာ ကျင်လည်ရပြီးလျှင် ဘ၀၏အဆုံးပန်းတိုင်ဖြစ်သော မအိုရာ,
မနာရာ, မသေရာဖြစ်သည့် နိဗာန်ရွှေပြည်မြတ်သို့
အမြန်ဆုံးလျှောက်လှမ်းနိုင်ကြပါစေဟု ဆုတောင်းမှုပြုလျက် ဤဆောင်းပါးကို
နိဂုံးချုပ်၍ အဆုံးသတ်လိုက်ရပါသည်။

save the Burmese children

Thursday, May 13, 2010

အမှတ်(၂၇)ဘုန်းတော်ကြီးသင်ပညာဒါနကျောင်း

ကျောင်းတည်နေရာ
မဟာသာလဘုန်းတော်ကြိးသင်ပေညာရေးကျောင်းသည်၊စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊မင်းကွန်းတိုက်နယ်၊
ချောင်းမကြီးကျေးရွာ၊မင်းကွန်း၏မြောက်ဘက်(နှစ်)မိုင်အကွာတွင်တည်ရှိပါသည်။
လမ်းပန်းဆက်သွယ်ရေးအနေနဲ့မန္တလေးမှရေကြောင်းလမ်းကိုသာအဓိကအားထားဆက်သွယ်ရပါသည်။

ကျောင်းသမိုင်းအကျဉ်း
ဤကျောင်းသည်တစ်ချိန်ကသင်္ဂဇာဆရာတော်ကြိးတောရဆောက်တည်သီတင်းသုံးနေတော်မူရာဌာနဖြစ်သော
ကြောင့်မဟာသာလဟုအမည်တွင်ခဲ့ပါသည်။ မဟာသာလဆိုသည်မှာလူအများခိုကိုးအားထားရာကြီးမြတ်သောဇရပ်ကြီးဟုအဓိပ္ပါယ်ရပါသည်။

ယခုကျောင်းအုပ်ဆရာတော်သီတင်းသုံးနေတော်မူစဉ်ဒေသ၏မဖွင့်ဖြိုးမူကြောင့်အစိုးရအခြေခံပညာမူလတန်း

ကျောင်းမရှိသည့်အတွက်ဒေသခံကလေးသူငယ်များမှာပညာရေးအခက်အခဲမှားကြုံတွေ့နေကြရာ၊
ဆရာတော်အမှမြန်မာစာပေနှင့်ဗုဒ္ဒဘာသာယျဉ်ကျေးမးစာပေများကိုသင်ကြားပို့ချခဲ့ရပါသည်။
၂၀၀၇-၂၀၀၈ ပညာသင်နှစ်များတွင်ကလေးသူငယ်များ၏ပညာရေးကိုရူငဲ့၍လည်းကောင်း၊နိုင်ငံတော်၏ခွင့်ပြုချက်များရရှိပြီ
ဆရာ/ဆရာမ(၄)ဦးနှင့်ကျောင်းသူကျောင်းသာ(၂၅၀)ကျော်တို့ကိုပညာသင်ကြားပေးလျှက်ရှိပါသည်။

ကျောင်းရည်ရွယ်ချက်

ဤကျောင်းတော်တွင်ကလေးသူငယ်များ၊လူမျိုးဘာသာမခွဲခြားပဲလွတ်လပ်ပျော်ရွှင်စွာပညာသင်ကြားနိုင်ရန်
ကျောင်းဝင်ကြေး၊ကျောင်းထွက်ကြေး၊နှစ်စဉ်ကြေး၊လစဉ်ကြေး၊ဆရာကတော့ကြေး၊မည်သည့်ကြေးမှ
မကောက်ခံဘဲလွတ်လပ်စွာပညာသင်ကြားနိုင်ရမည်။

ကျောင်း၏လိုအပ်ချက်

ကျောင်းစတင်ဖွင့်သော-၂၀၀၇-၂၀၀၈ပညာသင်နှစ်မှာပင်ကျောင်းသား/သူဦးရေထင်ထားသည်ထက်လက်ခံခဲ့ရပါသည်။
သို့အတွက်ယာယီစာသင်ခန်းများ၊ဆောက်လုပ်သင်ကြားပေးနေသော်လည်းကျောင်းသာ၊ကျောင်းသူအင်းအားနှင့်
အဆောက်အဦးများမှာမမျှတပါ။အသစ်စတွင်ဖွင့်လှစ်သောကျောင်းဖြစ်ပါသောကြောင့်ကျောင်း၏၀င်ငွေအနေနဲ့
မရှိပါ။အလူုရှင်များမှလူုဒါန်းသောအလူုငွေအဖြင့်ကျောင်းဆရာ/မလစာအတွက်အသုံးပြုနေရပါသည်။
ကျောင်းသုံးပရိဘောဂများကျောင်းစာသင်ခုံ၊စာရေးကရိယာများ၊စာအုပ်စာတန်းများ Black Board များစွာလိုအပ်လျှက်ရှိပါသည်။အဓိကအားဖြင့်ကျောင်းဆောင်မှာမရှိမဖြစ်လိုအပ်နေပါသဖြင့်မိမိတို့စေတနာအလျှောက်
ကုသိုလ်ပါဝင်လှူဒါန်းကြပါရန် Burmese Children မှနိုးဆော်အပ်ပါသည်။

ဆက်သွယ်လှူဒါန်းရန်ဌာန 
အရှင်ဝိစာရ(ကျောင်းအုပ်ဆရာတော်)
မဟာသာလဘုန်းတော်ကြီးသင်ပညာဒါနကျောင်း ဆက်သွယ်လှူဒါန်းမေးမြန်းနိုင်ပါတယ်..
စစ်ကိုင်းမြို့နယ်၊မင်းကွန်းတောင်ရိုး
ချောင်းမကြီးကျေးရွာ
childreninburma@gmail.com




ပါဝင်လူုဒါန်းနိုင်ပါသည်။

ချင်းပြည်နယ်တောင်ပိုင်း၊မင်းတပ်မြို့နယ်၊မရှိန်းလှော်သာသနာပြုဌာနတွင်ကျောင်းထိုင်ဆရာတော်
အရှင်ညာဏ၀ရ(ဓမ္မစရိယ)မှဒေသရှိကလေးသူငယ်များနှင့်အကြောင်းအမျိုးမျိုးကြောင့်အစီုးရကျောင်းတွင်
ပညာမသင်ကြားနိုင်သောချင်းတိုင်းရင်းသူတိုင်းရင်းသာများအတွက်ပညာရေးကိုအခက်အခဲမရှိစေရန်သူငယ်တန်း
မှလေးတန်းအထိပညာသင်ကြားပေးလျှက်ရှိပါသည်။ဒေသရဲ့ဆင်းရဲ့မူကြောင့်သောလည်းကောင်းအစိုးရစာသင်ကျောင်းနဲ့
ဝေးသောကြောင့်လည်းကောင်းလည်းဒေသရှိကလေးသူငယ်များအတွက်စာရေးကရိယာများနှင့်ဆရာ၊ဆရာမလတို့
အထူးပင်လိုအပ်လျှက်ရှိပါသည်..စေတရာသဒ္ဒါတရားနည်းများမဆိုပါဝင်လူုဒါန်းနိုင်ပါရန်နိုးဆော်အပ်ပါသည်။


ချင်းပြည်နယ်တောင်ပိုင်း
မရှိန်းလှော်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
09-6600109

Wednesday, May 12, 2010

ဘုန်းတော်ကြီးကျောင်းပညာရေး

ကျောင်းပြင်ပ ပညာရေးထဲက မြန်မာနိုင်ငံရဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်း ပညာရေး အကြောင်း ဆွေးနွေး ချင်ပါတယ်။ ဘုန်းတော်ကြီးသင်ကျောင်းဆိုတဲ့ ဝေါဟာရကို မြန်မာလူမျိုးတွေ ရင်းနှီးပြီးသားပါ။ အထက်တန်းအဆင့် မြန်မာစကားပြေ သင်ရိုးထဲက စာရေးဆရာမန်းတင်ရဲ့ ဘုန်းကြီးကျောင်းသား စကားပြေမှာ ဟိုတချိန်တုန်းက ဘုန်းကြီးကျောင်း ပညာရေး ယဉ်ကျေးမှု ကို အသေးစိတ်ကျကျ တွေ့ရပါတယ်။ မြန်မာတွေ အခြေခံပညာတတ်ဖို့နဲ့ ယဉ်ကျေးလိမ်မာရှိမှုတွေကို ဘုန်းတော်ကြီး ကျောင်းတွေ က သင်ကြားပေးနိုင်တယ်လို့ လူကြီးမိဘတွေက ယုံကြည်ကြပါတယ်။ အထူးသဖြင့် နယ်ဘက်က မြန်မာကလေးငယ်တွေ တော်တော်များများ ဟာ ဘုန်းကြီးကျောင်းတွေနဲ့ မလွတ်ကြသလောက်ပါပဲ။ ဒါပေမဲ့ ကျောင်းသင်ရိုး နဲ့ အတူ ဗုဒ္ဓဘာသာကိုပါ သင်ပေး တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာဘုန်းကြီးကျောင်းပညာရေးက ဗြိတိသျှလက်ထက်မှာ မှေးမှိန်သွားတာပါ။ ကိုလိုနီအစိုးရက ခေတ်မီ သိပ္ပံပညာနဲ့ အင်္ဂလိပ်စာကို အားပေးလာတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျောင်းပညာရေးနဲ့ အလှမ်းဝေးတဲ့ နယ်ဒေသ တွေနဲ့ မျိုးချစ်စိတ် ကြီးမားတဲ့ ဗမာတွေအကြားမှာတော့ ဘုန်းတော်ကြီးသင် ကျောင်း တွေက ပျောက်ပျက်မသွားခဲ့ပါဘူး။ အဲဒီတုန်းက ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေဟာ ကျောင်းစာနဲ့အတူ ဘ၀နေနည်းတွေကိုပါ ဘာသာရေးနဲ့ ဆက်နွယ်ပြီး သင်ပေးတာမို့ မြန်မာ-အင်္ဂလိပ် အဘိဓါန် ပြုစုခဲ့တဲ့ J.S Furnivall က ဘယ်သူမှ မယှဉ်နိုင်တဲ့ အောင်မြင်မှုပဲလို့ ချီးကျူးခဲ့ရပါတယ်။ ဒါတောင် အဲဒီတုန်းက သင်ကြားပုံက ဘုန်းတော်ကြီးတွေက ကြိမ်လုံးကိုင်ပြီး ကလေးတွေက လက်ပိုက် မျက်စေ့စုံမှိတ်ပြီး ယံမင်္ဂလာ ဒွာဒဿဟိကို ကျုံးအော်ကြရတာမျိုးပါ။ အခုထိ မြန်မာပြည်မှာ မတိမ်ကောသေးတဲ့ ဆရာတွေ သင်ကြားပေးသူ တွေက ဦးဆောင်တဲ့ Teacher centered စနစ်ပါ။
အခု ၂၀၀၀ခုနှစ်နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ အံ့သြစရာကောင်းလောက်အောင်ပဲ ဘုန်းတော်ကြီး ကျောင်း ပညာရေး ပြန်ထွန်းကားလာတာ တွေ့ရပါတယ်။ မြန်မာတပြည်လုံးမှာ အစိုးရ အသိအမှတ်ပြု စာရင်း အရ ကို ကျောင်းပေါင်း ၃၀၀၀ကျော် ရှိနေပါပြီ။ အရင်က မူလတန်းအဆင့်လောက်နဲ့ ဗြိတိသျှ ခေတ်နောက်ပိုင်း မှာ နွေရာသီ ဗုဒ္ဓဘာသာ သင်တန်းတွေလောက်ထိပဲ ရှိခဲ့တဲ့ ဘုန်းကြီးကျောင်းပညာရေးဟာ ဒီဘက်ခေတ် ၂၀၀၀ခုနှစ် နောက်ပိုင်းမှာတော့ မြို့ကြီးပြကြီးတွေမှာကိုပဲ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေ အများကြီး ရှိလာပါတယ်။ ပြီးတော့ ပညာအဆင့်ကလဲ ရေးတတ်ဖတ်တတ်ရုံ မူလတန်း အဆင့်လောက် မဟုတ်တော့ဘဲ အလယ်တန်းဆင့်အထက်တန်းဆင့်ထိ ရှိလာပါပြီ။
ဒီနေရာမှာအခုဘုန်းတော်ကြီးသင်ပညာရေးနဲ့ အရင်တုန်းက ဘုန်းတော်ကြီးကျောင်းတို့ ကွာခြားတာကတော့ဘုန်းကြီးတွေကချည်းပဲစာသင်ပေးတာမဟုတ်တော့ပါဘူး။အခု ဘုန်းတော်ကြီးသင်ပညာရေး ကတော့ ခေတ် ပညာတတ် ဆရာဆရာမတွေက အစိုးရကျောင်းရဲ့ သင်ရိုးအတိုင်း စနစ်တကျသင်ပေးတဲ့ ကျောင်းတွေ ဖြစ်နေပါပြီ။ သင်ကြားနည်း စနစ်တွေဆိုရင်လည်း ခေတ်မီတိုးတက်တဲ့ ကျောင်းသားရဲ့ သင်ယူနိုင်မှုနဲ့ သင်ယူ လိုစိတ်ကို ဦးစားပေးတဲ့ (Student centered) နည်းကို ကြိုးစားပြီး သုံးနေကြတာ တွေ့ရပါတယ်။ ဆရာ ဆရာမ တွေကလည်း ကလေးတွေအတွက် သင့်တော်တဲ့ သင်ကြားနည်းစနစ်တွေကို ဖတ်ရှုလေ့လာကြ ဆွေးနွေး ကြပြီး တော့မှ စာသင်ခန်းတွေကို စနစ်တကျ ကိုင်တွယ်လာကြတာကိုလည်း တွေ့နေရပါတယ်။
မြန်မာနိုင်ငံမှာ ဘုန်းတော်ကြီးသင်ကျောင်း အများကြီး ရှိလာရတာရဲ့ အဓိကအကြောင်းရင်းကတော့ နိုင်ငံရဲ့ စီးပွားရေး အကျပ်အတည်းကြောင့်ပဲလို့ ပြောရမှာပါ၊ မိဘတွေ စားဝတ်နေရေး ကျပ်တည်းလာတဲ့အတွက် ကလေးပညာရေးအတွက် ငွေကုန်ကြေးကျများတဲ့ အစိုးရကျောင်းပညာရေးကို သင်မပေးနိုင်တော့ပါဘူး။ အဲဒါ ကြောင့် အခမဲ့ဖြစ်တဲ့ ဘုန်းတော်ကြီး ကျောင်းတွေဆီ ပြေးကြရတာပါ။ အဲလိုနဲ့ပဲ ဆင်းရဲချို့တဲ့တဲ့ ကလေးတွေ… မိဘမဲ့ကလေးတွေရဲ့ အားကိုးရာအဖြစ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ အများကြီး ပေါ်လာတာပါပဲ။ တကယ်တော့ Non-formal Education သာဖြစ်တဲ့ ဘုန်းတော်ကြီးကျောင်းတွေဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ လူတိုင်းအတွက် ပညာရေး( Education for all) ကို အကောင်အထည် ဖေါ်ပေး နေတာနဲ့ အတူတူပါပဲ။
တကယ်တော့ဗြိတိသျှလက်ထက်ကစပြီးမှေးမှိန်နေခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းပညာရေးကို ပြန်ပြီး အသက် ၀င်လာ စေတာက ၁၉၉၃ခုနှစ်မှာ မန္တလေး ဖောင်တော်ဦး ကျောင်းထိုင်ဆရာတော်ပဲ ဖြစ်ပါတယ်။ စာသင်သား ၃၉၄ယောက်ကို ဆရာ ဆရာမ ၁၀ယောက်နဲ့အတူ ဆရာတော်ကိုယ်တိုင် စာဝင်သင်ပြီး စခဲ့ရတာပါ။ အခု၂၀၀၅-၂၀၀၆ပညာသင်နှစ်မှာတော့ စာသင်သား ၆၃၉၀ နဲ့ ဆရာဆရာမ အရေအတွက်က ၁၃၀ရှိလာပြီး အထက်တန်းအဆင့်ထိ သင်ပေးနေရပါပြီ။ ကျောင်းမှာ ကွန်ပျူတာခန်းနဲ့ စာကြည့်တိုက်လည်း ရှိပါတယ်။ ဆရာတော်က တကယ့်ကို အမြင်ကျယ်ကျယ်နဲ့ စီစဉ်ပေးထားတာပါပဲ။ ဖောင်တော်ဦးကျောင်းမှာ မိဘမဲ့ကလေးတွေကိုလည်း ကျောင်းအိပ် ကျောင်းစား လက်ခံမွေး ထားပါ သေးတယ်။ ဆရာတော့် ရည်ရွယ်ချက်ကတော့ ဆင်းရဲတဲ့သူတွေအတွက် အနာဂတ်ဘ၀ တိုးတက်ဖို့ကိစ္စမှာ အရေးကြီးဆုံးက ပညာရေးပါပဲတဲ့။ ဖေါင်တော်ဦးကျောင်းပညာရေးနဲ့ ပတ်သက်ပြီး ၂၀၀၆ခုနှစ် မေလထုတ် ချင်းတွင်းမဂ္ဂဇင်း မှာ မြတ်သာဝေ ဆိုတဲ့ စာရေးဆရာက အသေးစိတ် ရေးထားခဲ့ပါတယ်။
အရင်ကတော့ ဘုန်းတော်ကြီးကျောင်းတွေကို မြန်မာကလေးတွေ ဘာသာရေးနဲ့ နီးစပ်အောင်၊ စာရေးစာဖတ် အခြေခံ ကောင်းရအောင် ဆိုတဲ့ ရည်ရွယ်ချက်လောက်နဲ့ပဲ ပို့ကြတာပါ။ အခုကတော့ ကျောင်းပညာရေးအတွက် ငွေကြး မတတ်နိုင်လို့ ကျောင်းမနေကြရတဲ့ ကလေးတွေအတွက် အနည်းဆုံး အခြေခံပညာရဖို့မှာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေက အရေးပါလာပါပြီ။ ဒါပေမဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက ဖွင့်တဲ့ ကျောင်းဖြစ်တဲ့အတွက်တော့ ကလေးတွေအတွက် ဘာသာရေး အကန့်အသတ် ရှိသွားတာမျိုးတော့ ရှိပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ မြန်မာနိုင်ငံက ဆင်းရဲချို့တဲ့တဲ့ တခြားဘာသာဝင် ကလေးတွေပါ စာသင်ကြားခွင့်ရအောင် အခမဲ့ အကူအညီပေးနေတဲ့ NGO အဖွဲ့များကို စာသင်ကျောင်း တွေ ဖွင့်ခွင့်ပေးသင့် ပါတယ်။ ဒါမှလည်း ကလေးတိုင်းအတွက် ပညာရေးကို အကောင်အထည် ဖေါ်ရာ ရောက်မှာပါ။
တကယ်တော့ ပညာရေးဟာ နိုင်ငံတနိုင်ငံရဲ့ အဓိက မဏ္ဍိုင်ဖြစ်တာမို့ အဘက်ဘက်က ယိုင်လဲ ချို့တဲ့နေတဲ့ မြန်မာနိုင်ငံကို ဗုံးဗုံး ကျမသွားအောင် ထိန်းဖို့ဆိုရင် နိုင်ငံသားတိုင်း ပညာတတ်ရေး၊ ပညာသင်နိုင်ရေးဟာ အရေးကြီးလှတဲ့ လိုအပ်ချက်ပါ။ အဲဒီ လိုအပ်ချက်ကို ဘုန်းတော်ကြီးသင်ကျောင်းတွေက ဖြည့်ဆည်းပေး နေတာပဲ ဖြစ်ပါတယ်။ အဲသလိုပဲ လူထုတွေဘက်ကလည်း ကလေးတိုင်းအတွက် ပညာရေးကို တတ်နိုင် သလောက် ၀ိုင်းဝန်းအားပေးကြရင်တော့ မြန်မာနိုင်ငံဟာ ပညာတတ်တွေ ထွန်းကားလာမှာမို့ ခေတ်မီ ပညာရေးနိုင်ငံဖြစ်အောင် ဖန်တီးတည်ဆောက်ရေးမှာ အများကြီး လွယ်ကူလာမှာ ဖြစ်ပါတယ်။

Wednesday, May 5, 2010

ပါဝင်လှူဒါန်းနိုင်ပါသည်

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ မရှိန်းလှော်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းအုပ်ဆရာတော် (ဦးညာဏ၀ရ) တောင်တန်းသာသနာပြုဆရာတော်တစ်ပါးက စိတ္တသုခ ပရဟိတလူငယ်အနေဖြင့် ကျွန်တော့်ထံ ဆက်သွယ် အလှူခံလာပါတယ်။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ လိုအပ်နေတဲ့ ဆရာတော်ရဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ(2007-2008) ပညာသင်နှစ်မှစတင်ပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ဖွင့်လင့်သင်ကြားခဲ့ရာ နိင်ငံတော်ရဲ့ခွင့်ပြုချက်များ ရရှိပြီဖြစ်ပါတယ်။ ချင်းကျောင်းသူ၊ ကျောင်းသာများရဲ့ သင်ကြားရေး အထောက်အကူပြု အဆောက်အဦး၊ စာသင်ဆောင်နှင့် အိပ်ဆောင်၊ အိမ်သာ၊ ရေချီုးကန်၊ ကျောင်းဆရာ၊ ဆရာမလစာ စသည့်များအထူးတလည်လိုအပ်လှက်ရှိနေကြောင်း သိရပါတယ်။
ဆရာတော်ရဲ့ အထူးလိုအပ်ချက်ကတော့ စာသင်ကျောင်းဆောင်နဲ့ အိပ်ဆောင်တည်ဆောက်ရန် ဖြစ်ပါတယ်။ မရှိန်းလှော် ဘုန်းတော်ကြီးသင် စာသင်ကျောင်းသည် မူလတန်းအဆင့်ဖြစ်ပြီး ကျောင်းသူကျောင်းသား (၅၉)ဦး နှင့် ဆရာ၊ ဆရာမ(၄)ဦးတို့နှင့် စာသင်ကြားလျက်ရှိပါသည်။ ကျောင်းဆောင်တည်ဆောက်မူ အပိုင်းမှာ(၁၀)ပေ(၄)ခန်းနှင့် (၂)ခန်း၊ အလျားပေ(၄၀) အနံ(၂၀)ပျဉ်ထောင်သွပ်မီုး တစ်ထပ်ဆောင် နှစ်ဆောင်ဖြစ်ပါသည်။ ကုန်ကျမူစရိတ်မှာတစ်ဆောင်လျှင် ကျပ်(၃၀)သိန်းခန့် ဖြစ်ပါတယ်။ ပါဝင်လှူဒါန်းလိုပါက
ဘဒ္ဒန္တညာဏ၀ရ(ဓမ္မာစရိယ)
မရှိန်းလှော်ဘုန်းတော်ကြီးသင်(အခမဲ့)ပညာရေးကျောင်း
ချင်းပြည်နယ်၊တောင်ပိုင်း၊မင်းတပ်မြို့နယ်
မရှိန်းလှော်ကျေးရွာ
Ph-09-6600109

Sunday, May 2, 2010

``အချစ်စစ်စစ်ဖြင့် ချစ်စေချင်သည်

``အမိသည် မိမိကိုမှီ၍ဖြစ်သော တစ်ယောက်တည်းသောသားကို အသက်ထက်ဆုံး အဖန်တစ်လဲလဲ စောင့်ရှောက်သကဲ့သို့ အလုံးစုံသောသတ္တ၀ါတို့အပေါ်၌ အတိုင်းမသိသောချစ်ခြင်းမေတ္တာတရားကို ပွားများရာ၏´´ (ဗုဒ္ဓ-မေတ္တသုတ်)

အထက်ပါစကားရပ်သည် မေတ္တသုတ်၌လာသော ဘုရားရှင်၏စကားတော်ဖြစ်သည်။ သတ္တ၀ါတစ်ဦးက သတ္တ၀ါတစ်ဦးကို ချစ်ရာ၌ဖြစ်စေ၊ လူတစ်ဦးက လူတစ်ဦးကို ချစ်ရာ၌ဖြစ်စေ၊ အထက်ပါချစ်ခြင်းမေတ္တာမျိုးဖြင့် ချစ်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။ ကမ္ဘာပေါ်၌ရှိကြသော လူသားတွေအားလုံး ဤကဲ့သို့သောချစ်ခြင်းမေတ္တာမျိုးဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်နိုင်ကြမည်ဆိုလျှင် ကျွန်ုပ်တို့နေထိုင်သော ဤကမ္ဘာမြေပေါ်၌ စစ်ပွဲဆိုသည်ကို ကြားဖူးကြလိမ့်မည်မဟုတ်။ တစ်ဦးနှင့်တစ်ဦးကြား၌ ပဋိမက္ခပြဿနာများ ဖြစ်ပေါ်လာတော့မည် မဟုတ်ပေ။ သို့သော် ဤကဲ့သို့သောချစ်ခြင်းမျိုးဖြင့် မချစ်နိုင်ကြသေး၍ တစ်ဦးနှင့်တစ်ဦး, တစ်အိမ်နှင့်တစ်အိမ်, တစ်ရွာနှင့်တစ်ရွာ, တစ်မြို့နှင့်တစ်မြို့, တိုင်းပြည်တစ်ခုနှင့်တစ်ခု, ပဋိပက္ခပြဿနာများ၊ စစ်ပွဲများ ဖြစ်နေကြရသသည်။ ဤနေရာ၌ အချစ်သုံးမျိုးကို ဖော်ပြလိုပေသည်။ အချစ်သည် သုံးမျိုးရှိကြောင်း ကျွန်ုပ်မှတ်သားဖူးသည်။ ထိုသုံးမျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ တဏှာပေမ = ယောက်ျားနှင့်မိန်းမအချင်းချင်း တဏှာလောဘ၏အစွမ်းဖြင့် ချစ်ကြိုက်ခြင်း၊
၂။ ဂေဟသိတပေမ = မိဘနှင့်သားသမီး, ညီနှင့်အကို, မောင်နှင့်နှမ-စသူတို့အချင်းချင်း ချစ်ခင်တွယ်တာခြင်း၊
၃။ မေတ္တာပေမ = လူအများတို့၏ အကျိုးစီးပွားဖြစ်ထွန်းမှုကို လိုလားခြင်း၊

ထိုအချစ်သုံးမျိုးတွင် တဏှာပေမနှင့် ဂေဟသိတပေမတို့သည် ကုသိုလ်တရားများမဟုတ်ကြဘဲ အကုသိုလ်လောဘများဖြစ်ကြောင်း၊ မေတ္တာပေမသည်သာ ကုသိုလ်တရားဖြစ်ကြောင်း ကျွန်ုပ် လေ့လာမှတ်သားဖူးသည်။ ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ များသောအားဖြင့် ပထမအချစ်နှင့် ဒုတိယအချစ်မျိုးကိုသာ ချစ်ခဲ့ကြတာများလိမ့်မည်ထင်သည်။ တတိယအချစ်မျိုးနှင့်ချစ်သောသူများ ရှိကောင်းရှိပါလိမ့်မည်။ သို့သော် အနည်းငယ်မျှသာရှိလိမ့်မည်ထင်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်ကိုယ်တိုင်နှင့် ကျွန်ုပ်ပတ်ဝန်းကျင်ကိုလေ့လာကြည့်ရာ၌ ပထမအချစ်မျိုးနှင့် ဒုတိယအချစ်မျိုးကိုသာ အတွေ့များသောကြောင့်ဖြစ်သည်။
တတိယအချစ်မျိုးနှင့်ချစ်သောပုဂ္ဂိုလ်တို့တွင် မြတ်စွာဘုရားရှင်သည် ထိပ်ဆုံးမှပါဝင်ခဲ့သည်။ မိလိန္ဒပဥှာ၌လာသော အရှင်သာရိပုတ္တရာ၏ ဘုရားရှင်အပေါ်ချီးမွမ်းထားသော စကားရပ်ကို ဤနေရာ၌ ဖော်ပြလိုပေသည်။
``ဘုရားရှင်သည် သတ်ပုတ်ညှင်းဆဲတတ်သော ဒေ၀ဒတ်အပေါ်၌လည်းကောင်း၊ အင်္ဂုလိမာလခိုးသားကြီးအပေါ်၌လည်းကောင်း၊ မိမိအားသတ်ရန် အတင်းတရကြမ်းပြေးလာခဲ့သော နာဠာဂိရိဆင်ကြီးပေါ်၌လည်းကောင်း၊ သားတော်ရာဟုလာအပေါ်၌လည်းကောင်း၊ အလုံးစုံသောသူတို့အပေါ်၌ ထပ်တူထပ်မျှစိတ်ထားတော်မူ၏´´ (အရှင်သာရိပုတ္တရာ-မိလိန္ဒပဥှာ)
ဤစကားရပ်ကို ကြည့်ခြင်းအားဖြင့် မြတ်စွာဘုရားရှင်သည် အလုံးစုံသောသတ္တ၀ါတို့အပေါ်၌ အချစ်စစ်စစ်ဖြင့်ချစ်တော်မူခဲ့သည်မှာ ထင်ရှားလှ၏။ သားတော်ရာဟုလာသည် မြတ်စွာဘုရားရှင်၏ သားအရင်းဖြစ်သည်။ ဒေ၀ဒတ်သည် ဘုရားရှင်နှင့် ညီအကိုတစ်ဝမ်းကွဲ သမီးယောက်ဖတော်သော်လည်း ဘုရားရှင်အပေါ်၌ အမျိုးမျိုးမကောင်းကြံခဲ့၏။ သို့သော် ဘုရားရှင်သည် ရာဟုလာကို သားဖြစ်သည့်အတွက် ပို၍မချစ်သကဲ့သို့ ဒေ၀ဒတ်ကိုလည်း ရန်သူဖြစ်သည့်အတွက် ပို၍မမုန်းတီးခဲ့ပေ။ ထိုသူနှစ်ဦးတို့အပေါ်၌ တန်းတူချစ်ခဲ့ပေသည်။ အားလုံးခြုံ၍ပြောရလျှင် ဘုရားရှင်သည် အားလုံးသောသတ္တ၀ါတို့အပေါ်၌ ညီမျှသောချစ်ခြင်းဖြင့် ချစ်ခဲ့ပေသည်။ ဤသည်မှာ တကယ့်စစ်မှန်သောချစ်ခြင်းပင်ဖြစ်၏။

ကျွန်ုပ်နှင့်တကွ သင်တို့သည် နေ့စဉ်နှင့်အမျှ အချစ်အမျိုးမျိုးဖြင့် ချစ်ခဲ့ကြ၏။ ``အမေ´´ကို ချစ်ခဲ့၏။ ``အဖေ´´ကို ချစ်ခဲ့၏။ ``သား´´ကို ချစ်ခဲ့၏။ ``သမီး´´ကို ချစ်ခဲ့၏။ ``လင်´´ကို ချစ်ခဲ့၏။ ``မယား´´ကို ချစ်ခဲ့၏။ ``အကို´´ကို ချစ်ခဲ့၏။ ``ညီ´´ကို ချစ်ခဲ့၏။ ``မောင်´´ကို ချစ်ခဲ့၏။ ``နှမ´´ကို ချစ်ခဲ့၏။ ``မိတ်ဆွေ´´ကို ချစ်ခဲ့၏။ ``သူငယ်ချင်း´´ကို ချစ်ခဲ့၏။ ``ဆရာ´´ကို ချစ်ခဲ့၏။ ``တပည့်´´ကို ချစ်ခဲ့၏။ ဤကဲ့သို့ ကျွန်ုပ်နှင့်တကွ သင်တို့သည် မိမိတို့နှင့်နီးစပ်ပတ်သက်ရာကို ချစ်ခဲ့ကြ၏။ ကျွန်ုပ်နှင့်တကွသင်တို့၏ ထိုအချစ်များသည် မည်မျှကြာရှည်တည်တံ့ခဲ့သနည်း? မည်မျှစစ်မှန်ခဲ့သနည်း? ဤမေးခွန်းများ၏အဖြေများသည် သင်တို့ထံ၌ အဆင်သင့်ရှိနေလိမ့်မည်ဟု ကျွန်ုပ်ထင်ပါသည်။ ကျွန်ုပ်နှင့်တကွ သင်တို့သည် အများအားဖြင့် ငါ့အဖေ၊ ငါ့အမေ၊ ငါ့ဆွေမျိုး-အစရှိသည်ကြောင့်(ထိုပုဂ္ဂိုလ်တိုနှင့် အဆင်ပြေနေခိုက်ဖြစ်သည့်အတွကကြောင့်) ချစ်ခဲ့ကြသည်မဟုတ်ပါလော...?

ကျွန်ုပ်အဓိကပြောလိုသည်မှာ ကျွန်ုပ်နှင့်တကွ သင်တို့သည် ``မေတ္တပေမ´´ဟုခေါ်သော တတိယအချစ်မျိုးဖြင့် လူအများကို ချစ်ကြဖို့လိုကြောင်းဖြစ်သည်။ ဤအချစ်မျိုးဖြင့် မချစ်ဖူးကြသေးလျှင် ချစ်ကြည့်ဖို့လိုပါသည်။ ဤအချစ်မျိုးဖြင့် စ၍ချစ်ကြည့်နေပြီဆိုလျှင် ဆက်၍ချစ်နိုင်အောင် ကြိုးစားဖို့လိုပေသည်။ ဤအချစ်မျိုးဖြင့် ချစ်နေတာကြာခဲ့ပြီဆိုလျှင် ဆက်၍ကြာရှည်တည်တံ့အောင် ထိန်းသိမ်းထားဖို့လိုပေသည်။ ဤတတိယအချစ်မျိုးဖြင့် ချစ်နိုင်ဖို့ဆိုလျှင် မိမိ၌ မာန်မာနနည်းပါးဖို့လိုပေသည်။ သည်းခံစိတ်အားကြီးဖို့လိုပေသည်။ သင်တို့က ကျွန်ုပ်အား ``သင်ကရော တတိယအချစ်မျိုးနဲ့ လူတွေကို ဘယ်လောက်ထိချစ်ခဲ့ပြီလဲ...?´´ဟု မေးကောင်းမေးချင်နေပါလိမ့်မည်။ ဟုတ်ကဲ.. ကျွန်ုပ်ဖြေပါမည်။ ကျွန်ုပ်သည်လည်း သင်တို့နှင့် ဘာမျှမထူးပါ။ နေ့စဉ်နှင့်အမျှ ပထမအချစ်နှင့် ဒုတိယအချစ်မျိုးကိုသာ အချစ်များခဲ့ပါသည်။ သို့သော် တတိယအချစ်မျိုးနှင့်လည်း လူတွေကို စ၍ချစ်ကြည့်နေပါသည်။ အကျွန်ုပ်အနေဖြင့် သင်တို့အား မေတ္တာပေမ-ဟုခေါ်သော ဤအချစ်စစ်စစ်ဖြင့် လူအများကို စ၍ချစ်ကြည့်ဖို့ တိုက်တွန်းချင်လှသည်။

ဤနေရာ၌ အချစ်စစ်စစ်ဟုခေါ်သော မေတ္တာတရား၏စွမ်းအားကြီးမားပုံကို ဝေလာမသုတ်၌လာသည့်အတိုင်း ဖော်ပြလိုက်ပါသည်။

``မေတ္တာစွမ်းအား ကြီးမားပုံ´´

၁။ ထမင်းရေချောင်းစီးအောင်လှူဒါန်းခဲ့သော ဘုရားအလောင်းဝေလာမပုဏ္ဏားကြီး၏ အလှူဒါနမျိုးထက် သောတာပန်တစ်ဦးကို လှူဒါန်းရခြင်းက သာလွန်၍အကျိုးကြီးပါတယ်။

၂။ သောတာပန်တစ်ရာကို လှူဒါန်းရခြင်းထက် သကဒါဂါမ်တစ်ဦးကို လှူဒါန်းရခြင်းက သာလွန်၍အကျိုးကြီးပါတယ်။

၃။ သကဒါဂါမ်တစ်ရာကို လှူဒါန်းရခြင်းထက် အနာဂါမ်တစ်ဦးကို လှူဒါန်းရခြင်းက သာလွန်၍အကျိုးကြီးပါတယ်။

၎။ အနာဂါမ်တစ်ရာကို လှူဒါန်းရခြင်းထက် ရဟန္တာတစ်ပါးကို လှူဒါန်းရခြင်းက သာလွန်၍အကျိုးကြီးပါတယ်။

၅။ ရဟန္တာတစ်ရာကို လှူဒါန်းရခြင်းထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို လှူဒါန်းရခြင်းက သာလွန်၍အကျိုးကြီးပါတယ်။

၆။ ပစ္စေကဗုဒ္ဓါတစ်ရာကို လှူဒါန်းရခြင်းထက် သမ္မာသမ္ဗုဒ္ဓဘုရားတစ်ဆူကို လှူဒါန်းရခြင်းက သာလွန်၍အကျိုးကြီးပါတယ်။

၇။ သမ္မာသမ္ဗုဒ္ဓဘုရားတစ်ဆူကို လှူဒါန်းရခြင်းထက် ဘုရားအမှူးပြုသောသံဃာတော်များကို လှူဒါန်းရခြင်းက သာလွန်၍အကျိုးကြီးပါတယ်။

၈။ ဘုရားအမှူးပြုသောသံဃာတော်များကို လှူဒါန်းရခြင်းထက် စတုဒိသသံဃာတော်ကိုရည်စူး၍ ကျောင်းဆောက်လှူဒါန်းရခြင်းက သာလွန်၍အကျိုးကြီးပါတယ်။

၉။ စတုဒိသသံဃာတော်ကိုရည်စူး၍ ကျောင်းဆောက်လှူဒါန်းရခြင်းထက် သရဏဂုံသုံးပါးကိုဆောက်တည်ခြင်းနှင့် ငါးပါးသီလကိုစောင့်ထိန်းခြင်းက သာလွန်၍အကျိုးကြီးပါတယ်။

၁၀။ သရဏဂုံသုံးပါးကိုဆောက်တည်ခြင်းနှင့် ငါးပါးသီလကိုစောင့်ထိန်းခြင်းထက် နံ့သာတစ်ရှူခန့်မျှအချိန်ပိုင်းလောက် မေတ္တာပွားများခြင်းက သာလွန်၍အကျိုးကြီးပါတယ်။
(ဝေလာမသုတ်)

ဤသို့ဆိုလျှင် မေတ္တာတရားသည် မည်မျှစွမ်းအားကြီးမားကြောင်း၊ မည်မျှအကျိုးကျေးဇူးများကြောင်း၊ သင် ရိပ်မိလောက်ပြီထင်ပါသည်။ မိလိန္ဒပဥှာ၌ မေတ္တာ၏အစွမ်းသတ္တိနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဆိုထားပါသေးသည်။

``မေတ္တာစိတ်, မေတ္တာဓာတ်အားကောင်းသူအား ဘေးရန်အန္တရာယ်အပေါင်းတို့ မကျရောက် မဖျက်ဆီးနိုင်ခြင်းမှာ ထိုသူ၏အစွမ်းသတ္တိကြောင့်မဟုတ်၊ မေတ္တာ၏အစွမ်းသတ္တိကြောင့်ဖြစ်၏။ လုံခြုံသောအဆောက်အဦအတွင်း၌နေသူအား သည်းထန်စွာရွာသွန်းသောမိုးရေတို့ မစိုစွတ်ခြင်းမှာ အဆောက်အဦကြောင့် ဖြစ်သကဲ့သို့တည်း´´ (မိလိန္ဒပဥှာ)

ကျွန်ုပ်နှင့်တက သင်တို့သည် လက်ရှိရရှိထားသောဘ၀လေး၌ အေးအေးချမ်းချမ်းလေး နေထိုင်လိုကြသည်။ ငြိမ်းငြိမ်းချမ်းချမ်းလေး ဖြတ်သန်းလိုကြသည်။ အဆင်ပြေပြေလေး ရတည်လိုကြသည်။ သို့သော် ကျွန်ုပ်နှင့်တကွ သင်တို့သည် အများအားဖြင့် လိုချင်သောအရာနှင့် လုပ်နေသောအရာများ တစ်ထပ်တည်းမကျဘဲရှိနေတတ်သည်။ ကျွန်ုပ်နှင့်တကွ သင်တို့သည် အချစ်စစ်စစ်ကို လိုချင်ခဲ့ကြသည်။ သို့သော် အချစ်စစ်စစ်ကိုပြန်ပေးဖို့ မေ့နေတတ်ကြသည်။ ကျွန်ုပ်သည် သင့်အား Loving-kindness-ဟုဆိုသော မေတ္တာပေမ=အချစ်စစ်စစ်ဖြင့် လူအများကိုချစ်ကြည့်ဖို့ သတိပေးလိုက်သည်။ ကျွန်ုပ်နှင့်တကွ သင်တို့သည် (သို့မဟုတ်) ကမ္ဘာပေါ်၌ရှိကြသော လူသားအားလုံးတို့သည် အချစ်စစ်စစ်ဖြင့် အချင်းချင်းချစ်ကြမည်ဆိုလျှင်.....

နောက်ဆုံးအနေဖြင့် ကျွန်ုပ်သည် သင့်တို့အား ``မေတ္တာအကျိုး(၁၁)မျိုးကို ကျွန်ုပ်မှတ်သားထားသည့်အတိုင်း လက်ဆောင်အဖြစ်ဖော်ပြလိုက်ပါသည်။

``မေတ္တအကျိုး(၁၁)မျိုး´´
၁။ ချမ်းသာစွာအိပ်ရ၏၊
၂။ ချမ်းသာစွာနိုးရ၏၊
၃။ အိပ်မက်ဆိုးကို မမြင်မက်၊
၎။ လူတို့၏ချစ်မြတ်နိုးခြင်းကိုခံရ၏၊
၅။ သားရဲ, ဘီလူးတို၏ ချစ်မြတ်နိုးခြင်းကိုခံရ၏၊
၆။ နတ်တို့စောင့်ရှောက်ကုန်၏၊
၇။ မေတ္တာပွားများသောသူအား မီး, အဆိပ်, လက်နက်တို့ မစွဲ မကျ မဖျက်ဆီးနိုင်၊
၈။ လျင်မြန်စွာစိတ်တည်ကြည်၏၊
၉။ မျက်နှာအဆင်း အထူးကြည်လင်၏၊
၁၀။ မတွေမဝေသေရ၏၊
၁၁။ အလွန်မြတ်သောအရဟတ္တဖိုလ်တရားကို ထိုးထွင်း၍မသိနိုင်သော် သေပြီးလျှင်ဗြဟ္မာ့ပြည်သို့လားရ၏၊

1. He enjoys sound sleep,
2. He wakes up peacefully,
3. He does not have bad dreams,
4. He is love by human beings,
5. He is love by non-human beings,
6. He is guarded by Devas,
7. He is unaffected by fire, poison and weapons,
8. He can develop concentration quickly,
9. His face is serene and cheerful,
10. He never dies in bewilderment,
11. He may be born in the brahma realm when he dies,

(လုံးစုံများစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ

“အားလုံးမှာ တာဝန်ရှိပါသည်”

“အားလုံးမှာ တာဝန်ရှိပါသည်”
သာသနာပင်ရင်း၊ သည်ပျိုးခင်းကို၊
ရေသွင်းပေါင်းသင်၊ ပိုးမ၀င်အောင်၊
ပြုပြင်စောင့်ရှောက်၊ မြေတောင်မြှောက်ဖို့၊
ဖြိုးမောက်သန်စွမ်း၊ မြရောင်လွှမ်းလျက်၊
ညှိုးနွမ်းကင်းစင်၊ ရှုတိုင်းယဉ်လိမ့်” (မဟာဂန္ဓာရုံဆရာတော်-အရှင်ဇနကာဘိဝံသ)

ခေတ်ကာလကြီးသည် တဖြည်းဖြည်း(တိုးတက်)ပြောင်းလဲလာပြီဖြစ်၏။ ဤနေရာ၌“တိုးတက်”ဆိုသည်မှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတိုးတက်ကမှုကို ဆိုလိုပါသည်။ စိတ်ဓာတ်ပိုင်းဆိုင်ရာတိုးတက်မှု ရှိ/မရှိကိုတော့ ကျွန်ုပ်အနေနှင့် ဝေဘန်ရန်ဥာဏ်မမီပါ။ ဤကဲ့သို့ ခေတ်ကာလကြီး တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လူတို့၏ စားမှု, နေမှု, ၀တ်မှု-တို့သည်လည်းကောင်း၊ လူမှုရေး, စီးပွားရေး, ကျန်းမာရေး, ဘာသာရေး-စသော အရေးကိစ္စတို့သည်လည်းကောင်း၊ တစ်နေ့ထက်တစ်နေ့ တိုးတက်ပြောင်းလဲလာပြီဖြစ်သည်။ ဤ၌ စားမှု, နေမှု, ၀တ်မှုနှင့် လူမှုရေး, စီးပွားရေး, ကျန်းမာရေး-တို့ကို အသာထား၍ ဘာသာရေး၏(တိုးတက်)ပြောင်းလဲလာပုံကို ကျွန်ုပ်လက်လှမ်းမီသလောက် တင်ပြချင်ပါသည်။
“ဘာသာရေး”ဆိုရာ၌ ကမ္ဘာပေါ်၌ရှိသော ဘာသာတရားအားလုံးကို ဆိုလိုသည်မဟုတ်ပါ။ ကျွန်ုပ်ယုံကြည်လက်ခံထားသော ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ဘာသာရေးကို ဆိုလိုပါသည်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ဘာသာရေးကို ပြောဆိုဆွေးနွေးမည်ဆိုလျှင် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုကိုပါ ပြောဆိုဆွေးနွေးရပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ဘာသာရေးနှင့်ယဉ်ကျေးမှုသည် သီးခြားခွဲထုတ်၍မရသောကြောင့်ဖြစ်ပါသည်။

ကျွန်ုပ်ငယ်စဉ်က ရွာဦးဘုန်းတော်ကြီးကျောင်းတွင် “ကကြီး, ခကွေး”မှစ၍ ဆုံးမစာ, လောကနီတိ, ပရိတ်ကြီး-စသော အခြေခံစာပေများကို လေ့လာသင်ကြားခဲ့ရပါသည်။ ထိုအချိန်တုန်းက ကျွန်ုပ်တို့ရွာ၌ အစိုးရမူလတန်းကျောင်းမရှိသေးပါ။ ကျွန်ုပ်တို့ရွာနှင့်နီးစပ်ရာ မြို့တစ်မြို့နှင့်ရွာလေးတစ်ရွာမှာတော့ အစိုးရစာသင်ကျောင်းရှိသည်။ အကယ်၍ အစိုးရစာသင်ကျောင်းသို့ တက်ရောက်ပညာသင်ကြားလိုသူများသည် ခြေလျင်ဖြစ်စေ၊ စက်ဘီးဖြင့်ဖြစ်စေ ထိုစာသင်ကျောင်းရှိရာ မြို့(သို့မဟုတ်)ရွာသို့ သွားရောက်ကြရသည်။ ထိုသို့သွားရောက်သင်ယူကြသူများမှာ ထိုအချိန်တုန်းက ကျွန်ုပ်တို့ရွာ၌ လက်ချိုးရေတွက်၍ရလောက်အောင် နည်းပါးလွန်းလှသည်။ အများအားဖြင့် ယောက်ျားကလေးရော မိန်းကလေးများပါ ၅-နှစ် ၆-နှစ်ကျော်လျှင် ဘုန်းတော်ကြီးကျောင်းသို့တက်ရော၍ စာပေများသင်ကြားကြရသည်။ မိဘဆွေမျိုးများကလည်း မိမိတို့၏ သား/သမီး တူ/တူမ-များကို ရွာဦးဘုန်းတော်ကြီးထံ စိတ်ချလက်ချ အပ်နှံကြလေသည်။ ဆရာဘုန်းတော်ကြီးကလည်း မိမိ၏တပည့်အဖြစ်သို့ရောက်ရှိလာကြသော ကျောင်းသူ/ကျောင်းသားအားလုံးကို အခြေခံစာပေများနှင့်တကွ ကိုယ်အမူအရာ, နှုတ်အမူအရာမှစ၍ ကျင့်ကြံလိုက်နာရမည့်အရာ၊ ရှောင်ကြဉ်ဖယ်ခွါရမည့်အရာတို့ကို ကျောသားရင်သားခွဲခြားမှုမရှိ တန်းတူညီမျှ ညွှန်ကြားဆုံးမသင်ပြပေးလေသည်။

ကျွန်ုပ်တို့ ကျောင်းသူ/ကျောင်းသားတစ်တွေသည် ဘုရားရှိခိုး၊ ငါးပါးသီလ၊ ဆွမ်းတော်ကပ်၊ ပန်းတော်ကပ်နှင့်တကွ အရှင်မဟာသီလ၀ံသ, အရှင်မဟာရဋ္ဌသာရတို့၏ ဆုံးမစာများ၊ မြတ်စွာဘုရားရှင်၏ ဖြစ်တော်စဉ်ဗုဒ္ဓ၀င်များ၊ အခြေခံဂဏန်းသင်္ချာများကို ရွာဦးဘုန်းတော်ကြီးကျောင်း၌ သင်ကြားလေ့လာခွင့်ရခဲ့လေသည်။ ကျောင်းသားအများစုသည် ကျောင်း၌ပင်အိပ်၊ ကျောင်း၌ပင်စား၍ တံမြက်လှည်းခြင်း၊ ရေခတ်ခြင်း၊ မြက်နှုတ်ခြင်း၊ ရေနွေးအိုးတည်ခြင်း၊ ဟင်းနွှေးခြင်း-စသော ကျောင်းဝေယျာဝစ္စများကို လုပ်ကိုင်ကြရသည်။ ထိုကျောင်းသားများကို “ကျောင်းအိပ်ကျောင်းသား” (ကျောင်းအိပ်ကျောင်းစား)ဟုခေါ်ကြသည်။ ကျောင်းသူမိန်းကလေးများသည် နေ့အခါ၌ စာပေပညာရပ်များကို လာရောက်သင်ယူ၍ စာသင်နားချိန်များတွင် ဘုရားပန်းအိုးလဲခြင်း၊ အမှိုက်ကျုံးခြင်း၊ သောက်ရေအိုးနှင့်ရေခွက်များ ဆေးကြောခြင်း-စသော ဝေယျာဝစ္စများကို လုပ်ကိုင်ကြကာ ညနေပိုင်းတွင် မိမိတို့အိမ်သို့ပြန်ကြလေသည်။ အချို့ကျောင်းသားများသည် အခြေခံစာပေများသင်ကြားပြီးသောအခါ ကျောင်းမျထွက်၍ မိမိတို့၏ မိရိုးဖလာလုပ်ငန်းများကို မိဘများနှင့်အတူ လုပ်ကိုင်စားသောက်ကြလေသည်။ မိန်းကလေးများသည်လည်း ကျောင်းမှထွက်၍ အိမ်မှုကိစ္စလုပ်ငန်းများကို မိဘမောင်နှမများနှင့်အတူ လုပ်ကိုင်ကြလေသည်။

ထိုသို့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၌ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာပေများကို သင်ကြားလေ့လာခွင့်ရခဲ့ကြသဖြင့် အရွယ်ရောက်လာသောအခါ ဘာသာရေးအသိပညာများ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုများ၊ လူအများနှင့်လိုက်လျောညီထွေ ဆက်ဆံမှုများ၊ လူကြီးသူမများအပေါ် ဂါရ၀, နိဝါတတရား ထားရှိမှုများ တိုးတက်လာခဲ့ကြပေသည်။ ထို့ပြင် ကိုယ်အမူအရာယဉ်ကျေး၍ နှုတ်ထွက်စကားများချိုသာပြီးလျှင် စိတ်ထားနုညံ့ပျော့ပြောင်းကြလေသည်။ အခါအားလျော်စွာပြုလုပ်ကျင်းပကြသော လူမှုရေးပွဲတော်များ၊ ဘာသာရေးပွဲတော်များ၌လည်း ဦးစီးခေါင်းဆောင်၍ ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်တတ်ကြပေသည်။ ရဟန်းသံဃာများနှင့် လျှောက်ထားပြောဆိုရာ၌လည်းကောင်း၊ လူကြီးမိဘများနှင့် ပြောဆိုဆက်ဆံရာ၌လည်းကောင်း ဟန်ချက်ညီညီ အဆင်ပြေချောမွေ့စွာ ပြောဆိုတတ်ကြလေသည်။

သူ့အသက်မသတ်ရ၊ သူ့ဥစ္စာမခိုးရ၊ သူတပါးအိမ်ရာမလွန်ကျူးရ၊ လိမ်လည်စကားမပြောရ၊ သေရည်အရက်မသောက်ရ-ဟူသော ဗုဒ္ဓဘာသာဝင်တို့၏ ကျင့်ဝတ်တရားသည်ပင် ယဉ်ကျေးမှုဖြစ်၏။ မင်္ဂလသုတ်လာ တရားတော်များသည်လည်းကောင်း၊ ဇာတ်တော်များမှ အကြောင်းအရာ အတ္ထုပ္ပတ္တိများသည်လည်းကောင်း လူအများလိုက်နာရန်, ရှောင်ကြဉ်ရန်, ဗဟုသုတဖြစ်စေရန် ယဉ်ကျေးဖွယ်ရာ အကြောင်းအရာများသာဖြစ်၏။ ထိုဘာသာရေးကျင့်ဝတ်များကို ဖယ်တုတ်လိုက်မည်ဆိုလျှင် ယဉ်ကျေးမှုသည်လည်း ပျောက်ကွယ်သွားမည်ဖြစ်၏။ (ဆောင်းပါးရှင်နေမည်စိုးသဖြင့် ငါးပါးသီလ, မင်္ဂလသုတ်နှင့် ဇာတ်တော်များကို အကျယ်တ၀င့် ထုတ်နှုတ်၍တင်မပြတော့ပါ။ ကိုယ့်ကိုယ်တိုင်လေ့လာကြည့်လျှင် ထင်ရှားစွာသဘောပေါက်ပါလိမ့်မည်။)

ကျွန်ုပ်တို့ငယ်စဉ်ကနှင့် ယခုလက်ရှိအခြေအနေတို့မှာ များစွာကွာခြားသွားလေပြီ။ ကျွန်ုတို့ငယ်စဉ်ကလို ကျေးရွာဘုန်းတော်ကြီးကျောင်းများ၌ မိန်းကလေးကျောင်းသူများကို မဆိုထားဘိ ယောက်ျားလေးကျောင်းသားများသည်ပင် မရှိသလောက်ရှားနေပေပြီ။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ ခေတ်ကာလကြီး၏ ပြောင်းလဲလာမှုကြောင့်လည်းကောင်း၊ လူတို့၏စားဝတ်နေမှု ကျပ်တည်းလာသောကြောင့်လည်းကောင်း၊ အစိုးရစာသင်ကျောင်းများ တိုးပွားလာမှုကြောင့်လည်းကောင်း ဖြစ်တန်ရာပေသည်။

ရှင်းပါဦးမည်။ ခေတ်ကာလကြီးသည် ရုပ်ဝတ္ထုပိုင်းဆိုင်ရာများ မယုံကြည်နိုင်လောက်အောင် ပြောင်းလဲတိုးတက်လာသောအခါ လူတို့သည် ရုပ်ပိုင်းဆိုင်ရာဘက်ကို ဦးစားပေးလွန်းသဖြင့် စိတ်ပိုင်းဆိုင်ရာကို အလေးထားသင်ကြားပေးသော ဘုန်းတော်ကြီးကျောင်းများတွင် မပျော်ပိုက်ကြတော့ပေ။ အချို့မှာ စားဝတ်နေရေးကျပ်တည်းလာသဖြင့် မိမိတို့၏သားသမီးများကို ၀င်ငွေရမည့်အလုပ်တစ်ခုခုလုပ်စေ၍ ဘုန်းတော်ကြီးကျောင်းသို့ မထားနိုင်ကြတော့ပေ။ အချို့မှာမူ အစိုးရစာသင်ကျောင်းများ တိုးပွားကျယ်ပြန့်လာသောအခါ မိမိတို့၏သားသမီးများကို ခေတ်မီစေလိုသောရည်ရွယ်ချက်ဖြင့် အစိုးရစာသင်ကျောင်းများသို့ အပ်နှံကြလေတော့သည်။ ဤသို့ဖြင့် ဗုဒ္ဓဘာသာဝင်ကလေးငယ်များသည် ခေတ်ရေစီးကြောင်းအတိုင်း စီးမျောရင်း ဘာသာရေး၏နယ်မြေဖြစ်သော ဘုန်းတော်ကြီးကျောင်းနှင့်ဝေးကွာရာသို့ ရောက်ရှိလာခဲ့ကြသည်။ အချို့ဆိုလျှင် မိဘမျိုးရိုးစဉ်ဆက် ဗုဒ္ဓဘာသာဝင်ဖြစ်နေ၍ မိမိကိုယ်တိုင် ဗုဒ္ဓဘာသာဝင်ဖြစ်နေသော်လည်း ဘာသာရေးအသိစိတ်ဓာတ် နည်းပါးလွန်းလှသည်။ ဘာသာတရားအပေါ် ကိုင်းရှိုင်းမှုသည်လည်း ယုတ်လျော့ခဲ့လေသည်။ ရဟန်းသံဃာများနှင့်လျှောက်ထားပြောဆိုရာတွင် “တပည့်တော်”အစား “ကျနော်/ကျမ”၊ “တင်ပါ့”အစား “ဟုတ်ကဲ့”-စသည်ဖြင့် စကားအပြောအဆိုကစ၍ အားနည်းခဲ့လေပြီ။

အကျွန်ုပ်တို့ ဘာလုပ်ကြမည်နည်း...? ခေတ်ရေစီးကြောင်းအတိုင်းမျောပါနေသော ဗုဒ္ဓဘာသာဝင်ကလေးငယ်များ၏ အပြုအမူ, အပြောအဆို, အကျင့်အကြံများကို မသိချင်ယောင်ဆောင်၍ လစ်လျူရှုနေကြမည်လော။ ဒါမှမဟုတ် မိမိတို့စွမ်းနိုင်သလောက် ကူညီဖေးမ၍ နည်းလမ်းညွှန်ပြဆုံးမကြမည်လော။ နည်းလမ်းညွှန်ပြဆုံးမရမည့်တာဝန်သည် လူကြီးမိဘဆရာသမားများနှင့် ဘုန်းတော်ကြီးအများစုမှာ တာဝန်ရှိသည်ဟု ကျွန်ုပ်ထင်မြင်မိသည်။ လယ်ယာ, ဥယျာဉ်, ကုန်းမြေထဲတွင်စိုက်ပျိုးထားသော ပျိုးပင်, သီးပင်, ပင်းပင်များသည် ရေလောင်းပေါင်းသင်မည့်သူ၊ စောင့်ရှောက်ထိန်းသိမ်းမည့်သူမရှိလျှင် ကြာရှည်စွာတည်တံ့ဖို့ ခဲယဉ်းလှပေလိမ့်မည်။ သစ်သီးဝလံ ပန်းမာလ်ပျိုးပင်များ ကြီးထွားရင့်သန် မျိုးစေ့မှန်စေရန် တာဝန်ရှိသူများက ရေသွင်းပေါင်းသင် မြေတောင်မြှောက်၍ ပြုပြင်စောင့်ရှောက်ထိန်းသိမ်းရပေမည်။

အချို့နေရာများတွင် ရဟန်းသာမဏေများနှင့် ဘုန်းတော်ကြီးများသည် မိမိတို့ရပ်ရွာများတွင် မိမိတို့ ရွာသူ/ရွာသားကလေးငယ်များကို နွေကျောင်းပိတ်ချိန်၌ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာပေများ၊ ဓမ္မစကြာသုတ်တော်များ၊ ဗုဒ္ဓ၀င်သင်ခန်းစာများကို လက်ဆင့်ကမ်းပို့ချသင်ပြပေးနေသဖြင့် ၀မ်းမြောက်ဂုဏ်ယူဖွယ်ဖြစ်ပေသည်။ အချို့ စွမ်းနိုင်သူများဆိုလျှင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ဦးစီးခေါင်းဆောင်ပြု၍ တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ကြပေပြီ။ ဤသည်မှာ အထူးပင်ဝမ်းမြောက်ဖွယ်ရာဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ထိုဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ တက်ရောက်ပညာသင်ယူကြသော ကျောင်းသူ/ကျောင်းသားများသည် ရဟန်းသံဃာများနှင့် ထိတွေ့မှုရှိသဖြင့် ရဟန်းတော်များ၏ ဘာသာရေးအဆုံးအမများကို နာယူကြရပေမည်။ ရဟန်းသံဃာတော်တို့နှင့်ဆက်ဆံရာတွင်လည်း အဆင်ပြေစွာဆက်ဆံနိုင်ကြပေမည်။

ကျွန်ုပ် အဓိကပြောကြားလိုသည်မှာ ကျွန်ုပ်တို့ဗုဒ္ဓဘာသာဝင်များသည် မိမိတို့၏ဘာသာ၊ မိမိတို့၏လူမျိုး၊ မိမိတို့၏ယဉ်ကျေးမှုကို တတ်နိုင်သလောက် ၀ိုင်းဝန်းထိန်းသိမ်းကြရန်ဖြစ်သည်။ ခေတ်ရေစီးကြောင်းအတိုင်း မျောပါနေသည်ကို ဒီအတိုင်းလက်ပိုက်ကြည့်မနေကြဘဲ မိမိတို့တတ်နိုင်သလောက် ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြစေချင်သည်။ ကျွန်ုပ်အနေဖြင့် ဗုဒ္ဓဘာသာဝင်များအား မိမိတို့၏ပတ်ဝန်းကျင်၊ မိမိတို့၏သားငယ်/သမီးငယ်များ၊ တူ/တူမများ-အစရှိသော မျိုးဆက်သစ်ကလေးငယ်များကို ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲနေသောခေတ်ကာလကြီးတွင် စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုဖြစ်သည့် ဘာသာရေးအသိတရားများကို လက်ဆင့်ကမ်းမျှဝေနိုင်ပါစေဟု ဆုတောင်းပေးရင်း အောက်ပါ ဆုံးမစာလင်္ကာလေးဖြင့် ကျွန်ုပ်၏ဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါသည်။

“အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ်၊
အိုးတွင်နှိပ်ခတ်၊ တံဆိပ်မှတ်က၊
မပြတ်မစဲ၊ အိုးပင်ကွဲလည်း၊
အမြဲတစေ၊ တည်ရှိနေသို့၊
ထွေထွေသွေးသား၊ ကလေးများ၌၊
ဘုရားတံဆိပ်၊ ဘာသာစိတ်ကို၊
ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင်၊
ဗုဒ္ဓ၀ါဒီ၊ စွဲ၍တည်မည်၊
ကိုယ်စီ ခပ်နှိပ်ကြစေသတည်း။”