Thursday, June 3, 2010

ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား

ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား (ဓမ္မဒူတ အရှင်ပညာဇောတ)‏

"ဆရာတော်ဘုရား၊ ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား၊ ဘာသာခြားတစ်ဦးဦးက မေးလာလျှင် မည်သို့ ဖြေရမှာပါလဲဘုရား တိုတိုရှင်းရှင်းနဲ့ နားလည်အောင် ပြန်ပြောပြနိုင်အောင် ဖြေဆိုတော်မူပါဘုရား၊ ဆရာတော်ဘုရားကို ဆရာလုပ်တာ မဟုတ်ပါဘုရား၊ အချို့က ဗုဒ္ဓဘာသာဆိုတာ -
(၁) ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်၊
(၂) အတိတ်ဘဝ ရှိတယ်လို့ ယုံကြည်ရမယ်၊
(၃) ဘဝရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန် ရှိတယ်လို့ ယုံကြည်ရမယ် - လို့ အမိန့်ရှိပါတယ်။"

"အချို့က 'ဗုဒ္ဓဘာသာ' ဆိုတာ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဘုရားရဲ့ အယူဝါဒလို့ ဖြေဆိုကြပါတယ်ဘုရား။"

"အချို့ကလည်း သာသနာဆိုတာ အဆုံးအမ၊ ဘုရားရဲ့ အဆုံးအမ၊ သာသနာကို ဗုဒ္ဓဘာသာခေါ်ကြောင်း ပြောကြပါတယ်ဘုရား၊ တပည့်တော်က ဗုဒ္ဓဘာသာ သာသနာကို အသေးစိတ် သေသေချာချာ သိချင်နေပါတယ်ဘုရား။ ဆရာတော်ဘုရား ဖြေကြားပေးပါဘုရား"

"အံမလေး၊ အမေးသာပြောရတယ်၊ အဖြေတွေကလည်း စုံလို့ပါလား၊ ဘုန်းကြီးက ဘယ်လိုဖြေရမှန်းတောင် မသိတော့ပါဘူး"

"ဆရာတော်က တပည့်တော်နားလည်အောင် ဖြေပါဘုရား၊ အဲဒီအဖြေတွေကို စိတ်တိုင်းမကျလို့ ဆရာတော်ဘုရားကို ထပ်မံမေးလျှောက်ခြင်းပါဘုရား"

"အင်း ... ဘုန်းကြီးဖြေမှ ပိုရှုပ်ကုန်ရင် ခက်မယ်။"

"ဆရာတော်ဘုရား ဖြေရင် ရှင်းမယ်လို့ ထင်ပါတယ်၊ ဖြေပေးပါဘုရား။"

"အင်း ... ဖြေရမယ်ဆိုရင် ဘုန်းကြီးက ဗုဒ္ဓဘာသာလို့ ခေါ်တာကို လုံးဝမကြိုက်ပါ၊ ဗုဒ္ဓသာသနာလို့ ခေါ်မှ ကြိုက်ပါတယ်၊ (သို့) ဗုဒ္ဓဝါဒလို့ ခေါ်မှ ကြိုက်ပါတယ်"

"ဘာဖြစ်လို့ပါလဲ ဘုရား"

"ဘုန်းကြီးတို့ ပိဋကတ်တော်မှာ ဗုဒ္ဓဘာသာလို့ တွဲခေါ်တဲ့စကားလုံး တစ်လုံးမှ မရှိပါ၊ ဗုဒ္ဓသာသနာလို့ တွဲခေါ်တဲ့ စကားလုံးတွေတော့ အများကြီး ရှိတယ်။ 'ဗုဒ္ဓသာသန'ကို မြန်မာလိုပြန်ရင် 'ဗုဒ္ဓရဲ့ အဆုံးအမ' လို့ ပြန်တာကောင်းပါတယ်။ ဘုရားရဲ့ အဆုံးအမလို့ ပြန်ရင် အခြားဘုရားတွေနဲ့ ရောနှောသွားမှာ စိုးလို့ပါ၊ အဲဒီ ဗုဒ္ဓက ဘယ်လိုသာသန အဆုံးအမတွေ ပေးခဲ့လဲမေးရင် အချုပ်အားဖြင့် ပြောပြပါလား မေးရင် ဒီပါဠိဟာ အချုပ်ပါပဲ။

သဗ္ဗပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။ ... တဲ့"

"အဲဒီမှာ ဗုဒ္ဓါန သာသနံ-ဆိုတာ ဗုဒ္ဓသာသနာ-ဆိုတာပါပဲ၊ အဲဒီပါဠိကို မြန်မာမပြန်ဘဲ ရှစ်လုံးဘွဲ့နဲ့ ပြန်ကြည့်ရအောင်ပါ။"

အကုသိုလ်စု၊ မပြုရှောင်ခွာ၊
ကုသိုလ်အများ၊ ကြိုးစားစုံစွာ၊
မိမိစိတ်ရင်း၊ ပွတ်ဝင်းဖြူငှာ၊
ဤသုံးပါး၊ ဘုရားသာသနာ။ ... တဲ့"

"ဘုရားသာသနာဆိုတာ ဗုဒ္ဓသာသနာ၊ ဗုဒ္ဓအဆုံးအမကို ခေါ်တယ်၊ ဗုဒ္ဓတိုင်းရဲ့ အဆုံးအမကို ခေါ်ပါတယ်။ အဲဒီအဆုံးအမကို မြန်မာစကားပြေနဲ့ ပြောရရင် -
(၁) အကုသိုလ်မှန်သမျှ ဘာမှ မလုပ်နဲ့၊
(၂) ကုသိုလ်ကို စုံအောင်လုပ်၊
(၃) မိမိစိတ်ကို ဖြူစင်အောင်ထား။... တဲ့ "

"အဲဒီအဆုံးအမ သုံးမျိုးကို အကျယ်ချဲ့ရင် နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ ဖြစ်လာပါတယ်။ အဲဒီအဆုံးအမ တစ်နည်းပြောရရင် 'ဓမ္မဝိနယ'လို့ ပြောနိုင်ပါတယ်၊ ဓမ္မဝိနယနဲ့ သာသနသည် သဘောချင်းတူပါတယ်။ သာသနကို တရားကိုယ်အချုပ်ကောက်ရင်- မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ပရိယတ်ကို ကောက်ရသလို ဓမ္မဝိနယ-အရလည်း အဲဒီတရားတွေပဲ ကောက်ရပါတယ်။ အဲဒါကြောင့် ဘုန်းကြီးက ဗုဒ္ဓသာသနာ၊ ဗုဒ္ဓဝါဒလို့ ခေါ်တာပဲ ကြိုက်ပါတယ်။"

"မှန်ပါဘုရား၊ ဆက်ရှင်းပါဦး ဘုရား"

သူတို့ နားလည်သလို သူတို့ ဘာသာများနဲ့ တန်းတူထားပြီး သူတို့အခေါ်အတိုင်း ခေါ်ဝေါ်ရာမှ 'ဗုဒ္ဓဘာသာ' ဆိုတဲ့ အခေါ် ဖြစ်လာတာပါ၊ ရှင်းရှင်းပြောရရင် ဂျပ်ဆင်အဘိဓာန်မှ ဘာသာပြန်ဆိုချက်ကို နားယောင်ပြီး ခေါ်ရာမှ ဗုဒ္ဓဘာသာဆိုတဲ့ အသုံးအနှုန်း ပေါ်ပေါက်လာပါတယ်။"

"ဘာသာဆိုတာ တစ်ဆူတည်းသော ဘုရားကို ကိုးကွယ်တဲ့ ဘာသာကို ဘာသာလို့ ခေါ်ပါတယ်။ ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာက ဒီလို မဟုတ်ပါ၊ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူတဲ့ ဘုရားအများကို ယုံကြည်တဲ့ ဝါဒပါ။ တစ်ဆူတည်းသောဘုရားကို ကိုးကွယ်တဲ့ Religion ဘာသာမဟုတ်ခြင်းကြောင့် ဗုဒ္ဓဝါဒကို ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာလို့သာ ခေါ်သင့်ပါတယ်။"

"အေး ... ဘာသာရေးဆိုတာ ထာဝရဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့နည်းလမ်းကို ခေါ်ပါတယ်။ ဗုဒ္ဓသာသနာ ဝါဒဟာ ထာဝရ ဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့ နည်းလမ်း ဟုတ်ရဲ့လား"

"မဟုတ်ပါဘုရား"

"အေး ... ဘာသာရေးဆိုတာ ရိုသေကိုင်းရှိုင်းမှု (သို့) ထာဝရ ဘုရားသခင်အား ဂုဏ်ပြုချီးကျုးမှုကို ခေါ်ပါတယ်၊ ဗုဒ္ဓဝါဒသည် အဲဒီလို မဟုတ်ပါ၊ ပြီးတော့ ဘာသာရေးဆိုတာ ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းပတ္ထနာတို့နဲ့ များစွာဆက်စပ်နေတဲ့ ယုံကြည်မှု တစ်ရပ်ကို ခေါ်ပါတယ်။ ဗုဒ္ဓဝါဒက ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းမှုကို လက်မခံလို့ ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါနော်"

"မှန်ပါဘုရား"

"အေး ... ဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓကို ကိုးကွယ်တာက ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို ယုံကြည်ကိုးကွယ်တာပါ၊ ဘုရားရှင်ကို ကယ်တင်ရှင်အနေမျိုးနဲ့ ယုံကြည်တာ မဟုတ်ပါ၊ ကိုးကွယ်တာ မဟုတ်ပါ။ ပြီးတော့ ဗုဒ္ဓသာသနာတော်မှာ ဗုဒ္ဓက ဆရာစား၊ ဗုဒ္ဓက လက်ဆုပ်၊ လက်ကိုင် လျှို့ဝှက်ထားတဲ့ 'အာစရိယမုဋ္ဌိ' မရှိပါ၊ ဗုဒ္ဓကျင့်သလို ကျင့်က ဗုဒ္ဓဖြစ်နိုင်တဲ့ နည်းလမ်းတွေ ထားခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာက ဆုတောင်းသက်သက် ဝါဒမဟုတ်ပါ၊ ဆုတောင်းဘာသာ မဟုတ်ပါ။ ဆုတောင်းသက်သက်ဆိုရင် ဘာသာရေးလို့ ခေါ်ရပါတယ်။ ဒါဖြင့် ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာမှာ ဆုတောင်းမှု မရှိဘူးလား-ဆိုတော့ ရှိပါတယ်။ ဗုဒ္ဓဝါဒရဲ့ ဆုတောင်းမှုက ကိုယ်ပြုထားတဲ့ ကုသိုလ်ကံရဲ့ အကျိုးကို တောင်းယူတာပါ၊ ဘာမှမလုပ်ဘဲနဲ့ တောင်းတာမဟုတ်ပါ၊ ယခုအခါမှာ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာဟာ ဘာသာရေးဆန်နေပြီနော်၊ သတိထားပါ။"

"မှန်ပါဘုရား"

"ဗုဒ္ဓဝါဒဟာ ပစ္စုပ္ပန်ကံ ပစ္စုပ္ပန် အကြောင်းအကျိုးတရားတွေကို ဦးစားပေးတဲ့ ဝါဒပါ။ ဗုဒ္ဓဟာ ကိုယ်တိုင်ဓမ္မကို ရှာဖွေပြီး ကိုယ်တိုင် ဗုဒ္ဓဖြစ်မှ ဗုဒ္ဓအဖြစ် ရောက်ပုံ လမ်းစဉ် ကျင့်စဉ်တွေပဲ ဟောခဲ့ပါတယ်၊ ဆုတောင်းဖို့ မဟောခဲ့ပါ။ အဲဒီအဆုံးအမ လမ်းစဉ်တွေ မိမိတို့ ကိုယ်ကို မိမိတို့ အားကိုးပြီး အဆင့်ဆင့်သော ဝီရိယနဲ့ အားထုတ်ကျင့်ကြံဖို့သာ ဟောခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ မေ့လျော့ ပေါ့တန်နေလို့ မရပါ၊ သတိတရား လက်ကိုင်ထားပြီး ကြိုးစား အားထုတ်ယူမှ ကိုယ်လိုရာ ရနိုင်ပါတယ်။ ဗုဒ္ဓသာသနာက ကိုယ်အကျိုးကိုယ်စံ၊ ကိုယ့်အပြစ် ကိုယ်ခံပါ၊ ဗုဒ္ဓက အကျိုးကိုလည်း မပေးပါ၊ အပြစ်ကိုလည်း မပေးပါ၊ ဒါကြောင့် ဗုဒ္ဓကို မကြောက်ရပါ။ ပြီးတော့ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓကို နည်းပေးလမ်းညွှန်အဖြစ်နဲ့ အားထားယုံကြည်တဲ့ သဘောမျိုးပါ၊ မိမိကိုယ်ကို လုံးဝပုံအပ်ပြီး အားကိုးတဲ့ သဘောမျိုး မဟုတ်ဘူးနော်"

"မှန်ပါဘုရား"

"ဗုဒ္ဓသာသနာမှာ ဗုဒ္ဓအတွက် ဘာမှလုပ်ပေးစရာ မလိုပါ၊ ဘာသာရေးမှာ ဘာသာဘုရားအတွက် လုပ်ပေးရပါတယ်။ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓက လမ်းညွှန်တဲ့ ကိစ္စပါ၊ ဗုဒ္ဓသာသနာဝင်တွေက လိုက်နာကျင့်ကြံရသူတွေပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ ကိုယ့်အတွက် ကိုယ်ကျင့်တာသည်ပင်လျှင် ဗုဒ္ဓကို အမြတ်ဆုံး ပူဇော်ခြင်းဖြင့် ပူဇော်တယ်လို့ ခေါ်ပါတယ်။"

"ဗုဒ္ဓဝါဒက အတ္တဟိတ = ကိုယ်ကျိုးကျင့်သက်သက်နဲ့ ပရဟိတ = သူတစ်ပါးအကျိုးသက်သက်ကျင့်တဲ့ ဝါဒနှစ်ခုရဲ့ အလယ်က သွားတဲ့ အလယ်အလတ် လမ်းစဉ်ဝါဒပါ၊ သာသနာပါ၊ ဘာသာမဟုတ်ပါ။ ကဲ ဒီလောက်ဆိုရင် ရှင်းပြီးလား။"

"ရှင်းပါပြီ ဘုရား"

အားလုံးသန္တာန်၊ အမြင်မှန်၊ လျင်မြန်ရစေသော် ...

[၁၉၉၄ ခုနှစ်၊ မတ်လထုတ်၊ မြတ်ဆုမွန် မဂ္ဂဇင်း၊ စာ-၃၀]

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ
မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း
ကြောင့်မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ၊ သို့သော်လည်း တိုင်းတပါးကို ရောက်လာ
တဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိုအပ်လာတယ်၊ စာရေးသူတို့ ဘုရားသားတော် ရဟန်းတွေမှာတောင် မြန်မာပြည်မှာတုံးက မလိုအပ်ဖူးလို့ ထင်ခဲ့မိတယ်၊

အခုတော့ ကိုယ့်ဝန်းကျင်မှာ မဟာယာနဘုန်းကြီးတွေ၊ သီလရှင်တွေ ၊ တရုတ် ကိုးရီးယား ဂျပန်လူမျိုးတွေကို တွေ့လာ၇တဲ့ အခါမှာတော့ သူတို့ဘာသာအကြောင်းကို မသိလို့ မရတော့ဘူး၊ သူ့တို့ဘာသာကို အစအဆုံး ဘုရား တရားက အစ လိုက်မေးနေရတယ် ဆိုရင် ကိုယ့်မြန်မာလူမျိုး သိက္ခာတော်တော်ကျနေပြီ၊ သီတဂူဆရာတော်ကြီး ပြောတဲ့ စကားတခွန်းကို မှတ်သားမိဘူးတယ်၊ ဘယ်ဘာသာကို မဆို လေ့လာထားပါ၊ သူတို့နဲ့ စကားပြောလို့ အနိုင်လိုချင်၇င် သူ့တို့ ဘာသာရဲ့ အားနည်းချက်ကို သိနေတော့ ပြောဆိုရတာ ( နောက်ဆုံး ငြင်းခုံရင်တောင် ကိုယ်က အနိုင်ရမယ် ) သိပ်လွယ်တယ် တဲ့။ အထူးသဖြင့် စာရေးသူတို့ မြန်မာနိုင်ငံမှာ မဟာယာန ဗုဒ္ဓဘာသာ ဆိုတာ တရုတ်ဘုန်းကြီးကျောင်းတွေမှာသာ ရှိတာမို့ ရဟန်းသံဃာတွေရော ဒကာ ဒကာမတွေပါ အလှမ်းဝေးနေခဲ့ကြတယ်။ ဒါကြောင့် လက်လှမ်းမှီသလောက်ကို တင်ပြလိုက်ပါတယ်၊

ထေရ၀ါဒ ဗုဒ္ဓဘာသာ - မည်ပုံ

ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသော မဟာသက္ကရာဇ် ( ၁၄၈ )ခုနှစ် ကဆုန်လပြည့်နေ့မှနောက် ၃ လလွန်မြောက်ပြီးသောအခါ အရှင်မဟာကဿပဦးဆောင်သော ရဟန္တာမထေရ် ၅၀၀ ဖြင့် ရာဇဂြိုလ်မြို့တွင်ဘုရားရှင်၏ တရားတော်တို့ကို တလုံးတပါဒမျှ ပြင်ဆင် ဖြည့်စွက်ခြင်း၊ ထုတ်နှုတ်ပယ်ရှားခြင်း အလျင်းမရှိခဲ့ပဲ ဟောတော်မူခဲ့သည့်အတိုင်း တသွေမတိမ်း ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။
အချုပ်အားဖြင့် ဘုရားဟောတော်မူခဲ့ပြီးသော တရားတော်တို့ကို ယနေ့အချိန်အထိ တလုံးတပါဒမျှ ပြင်ဆင်ဖြည့်စွက်ခြင်းမရှိပဲ တပည့်သား သာဝက အစဉ်အဆက် လက်ဆင့်ကမ်း သယ်ဆောင်လာသော ၀ါဒကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ( တပည့်သား သာဝက မထေရ်အစဉ်အဆက် သယ်ဆောင်လာသော ဘုရားဝါဒ ) ဟု မှတ်နိုင်ပါသည်။

ဒုတိယ သင်္ဂါယနာ
မြတ်ဗုဒ္ဓ လွန်တော်မူပြီး သာသနာနှစ်ပေါင်း (၁၀၀)ကြာပြီးနောက် ၀ဇ္ဇီတိုင်းသားရဟန်းများ (ဒေ၀ဒတ်
တပည့်များ )မှ အဓမ္မ၀တ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေလက်တစ်သစ်လွဲသည့်
အချိန်အထိ ၀ိကာလဘောဇန လုပ်နိုင်တယ်၊ သေနု(အရက်ခပ် ပျော့ပျော့ ယခုခေတ် ထန်းရည်လိုမျိုး )ကို သောက်နိုင်တယ်၊ ရွှေငွေများကို လူတွေလို စိတ်ကြိုက် ကိုင်တွယ်အသုံးပြုနိုင်တယ် -- စသဖြင့် တောင်းဆိုခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် ထိုရန်သူတို့အား ကာကွယ်ရန် ဒုတိယအကြိမ် သင်္ဂါယနာတင်ရပြန်သည်။

(၂) သာသနာနှစ် (၁၀၀)နှစ်
(၃) နေရာ ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း
(၄) ခေါင်းဆောင် အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ
(၅) သံဃာဦးရေ ရဟန္တာပေါင်း (၇၀၀)
(၆) မင်း ကာလာသောကမင်း
(၇) ကြာမြင့်ချိန် (၈) လ

အရှင်ယသ၊ အရှင်ရေ၀တ အရှင်သဗ္ဗကာမီ ဦးဆောင်သော ၇ဟန္တာများ ဝေသာလီပြည်၌ သင်္ဂါယနာတင်နေစဉ် ၀ဇ္ဇီတိုင်းသားရဟန်းပျက်များကို သံဃာထု၊ မင်းပရိသတ်ထု၊ ပြည်သူလူထု ပေါင်းပြီး နှင်ထုတ်ခဲ့ကြသည်၊ ထိုရဟန်းပျက် များကာ တစ်သောင်းကျော် ပမာဏ ရှိခဲ့သည် ဟူ၏။

ထိုရဟန်းပျက်တို့ ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမ၀န္တာတောင်ခြေဖက် သို့ သွားရောက်
ပြီး ရှင်ဘုရင်တစ်ပါးမှ သနားကာ ခိုလှုံခွင့်ပေးလိုက်ရာမှ ထိုရဟန်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင် တင်ခဲ့ကြသည်။

ထိုရဟန်းတို့အား တစ်သောင်းကျော်ဟူသော ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု နာမည် တွင်ခဲ့သည်၊ ထိုဂိုဏ်းမှ မဟာယာန၀ါဒ ဖြစ်လာသည်။
ထိုမှတဖန် ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ( ၇၀၀ )အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောဂိုဏ်း ( တနည်းအားဖြင့် သဗ္ဗတ္ထိဝါဒဂိုဏ်း ) ဟု ခေါ်တွင်ခဲ့သည်။ ထိုဂိုဏ်းမှ ထေရ၀ါဒ ဆင်းသက်လာပါသည်။ အမှန်ကတော့ ငါတို့က ရွာရဲ့ မြောက်ပိုင်းမှာ နေတယ် ဆိုရင် သူတို့က တောင်ပိုင်းမှာ နေတယ် ဟု အလိုလို မပြောသော်လည်း ပြောသကဲ့သို့ ထေရ၀ါဒ ကိုလည်း မဟာယာန ၀ါဒီ တို့သည် ဟီနယာန ဟု သုံးစွဲခဲ့ကြလေသည်၊

အိန္ဒိယ တောင်ပိုင်းဒေသမှ စကာ ပြန့်နှံ့ခဲ့သောကြောင့် တောင်ပိုင်းဗုဒ္ဓဘာသာ(ထေရ၀ါဒ) ဟုလည်းအလွယ်တကူ မှတ်နိုင်ပေသည်။ ယခုအချိန်အထိ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို နိုင်ငံတို့တွင် သာသနာထွန်းကားနေဆဲမို့ ထေရ၀ါဒ ၅ နိုင်ငံ ဟု အများက အသိအမှတ်ပြု လက်ခံထားဆဲဖြစ်သည်။

မဟာယာနမှာတော့ မဇ္ဈိမဒေသ အိန္ဒိယပြည် မြောက်ပိုင်း ဟိမ၀န္တာကနေ ပြန့်ပွားခဲ့သောကြောင့် မြောက်ပိုင်း ဗုဒ္ဓဘာသာ ( မဟာယာန ) ဟု မှတ်နိုင်သည်၊ဘီစီ ၁ ရာစု မှ စကာ အေဒီ ၁ ရာစု အအတောအတွင်း မဟာယာန ၀ါဒ စတင်ဖြစ်ပေါ်လာသည်ဟု သိရသည်၊ မဟာယာနတို့၏ Saddharma Pundarika Sutra သဒ္ဓမ္မပုဏ္ဍရိက သုတ်တွင်မူ အေဒီ ၂ ရာစုမှ စကာ ခေါင်းဆောင်ဖြစ်သော Nagarjuna နာဂဇုန သည် သူ၏ သုညတ၀ါဒကို စွဲကိုင်ကာ အင်အားကြီးမားစေခဲ့သည်၊ အေဒီ ၄ ရာစုလောက်တွင်တော့Asanga အသင်္ဂ နှင့် Vasubandhu ၀သုဗန္ဓု တို့ လက်ထက်တွင် မဟာယာနဘာသာသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိအောင် ပြန့်ပွားခဲ့သည်ဟု ဆိုရပါမည်။
( မဟာ - မြင့်မြတ်သော၊ ယာန - နိဗ္ဗာန်သို့ ပို့ဆောင်ပေးသော အရာ၊ ယာဉ်ဟူသော၊ ၀ါဒ - အယူရှိသူ )

ထိုအချိန်မှစ၍ မြောက်ပိုင်း ဗုဒ္ဓဘာသာ ခေါ် မဟာယာန သည် တရုတ်ပြည်၊ တိဗက်၊ ပါကစ္စတန်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကိုးရီးယား ဂျပန် စသော တောင် အာရှ နိုင်ငံများအထိ နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက် ပြန့်ပွားခဲ့သည်၊ ထိုနိင်ငံတို့တွင် ထေရ၀ါဒ ဘာသာ အားကောင်းစွာ ပျံ့နှံ့သည်ဟူ၍ မကြားဖူးခဲ့ပေ။ အနည်းစုတော့ ရှိခဲ့လိမ့်မည်၊ ထို့ကြောင့် တရုတ် ဂျပန် ကိုးရီးယား တို့၏ ဘာသာရေး အခန်းကဏ္ဍများတွင် တုံးခေါက်ခြင်း၊ ဖယောင်းတိုင် အမွှေးတိုင် ထွန်းခြင်း သေသူအား ရည်စူးကာ စက္ကူများအားမီးရှို့ ပြာချခြင်း စသည်များသည် နိုင်ငံ ဓလေ့ ယဉ်ကျေးမှု့အရ အနည်းငယ် ကွဲလွဲသည်မှအပ တူညီနေကြပေသည်။

ပြိုကျခါနီး အိမ်ကို ကျားကန် ထားရသလိုဖြစ်နေတဲ့ မဟာယာန ဘာသာဟာ နောက်ပိုင်းခေတ်မှာတော့ ဂျပန်နိုင်ငံက စပြီး ရဟန်းတော်များ အိမ်ထောင်ပြုသင့်တဲ့ဂိုဏ်း၊ မပြုသင့်တဲ့ ဂိုဏ်း ဆိုပြီး ကွဲပြားလာတယ်၊ တချို့အရက်သောက်ကြတယ်၊ တချို့က မသောက်ဘူး၊ တချို့သက်သက်လွတ်စားတယ်၊ တချို့က မစားကြဘူး၊ ဒါကြောင့် ယခုအချိန်မှာ ကိုးရီးယား ဂျပန် ဘုန်းကြီးတော်တော်များများဟာ
အိမ်ထောင်ရှိကြတယ်၊ အရက်သောက်ကြတယ်၊ ပါတီ နိုက်ကလပ်တက်ကြတယ် လို့ တဆင့်စကား ကြားဖူးပါတယ်၊ တရုတ်၊ တိဗက် ဟောင်ကောင် ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာ ရှိတဲ့ မဟာယာနဘုန်းကြီး တွေကတော့ အိမ်ထောင်ပြုတယ် လို့ မကြားမိပါဘူး၊ ဒါကြောင့် သူတို့ကတော့ နည်းနည်း သန့်ရှင်းသေးတယ် လို့ ယူဆ၇မှာပါ။ သက်သက်လွတ်ဝါဒကတော့ တော်တော် ကြီးစိုးနေဆဲပါပဲ၊ ဒါကလဲ ဘုရားရှင်လက်ထက်တော်အခါကတည်းက အရှင်ဒေ၀ဒတ်က တောင်းဆု ငါးပါးထဲမှာ ရဟန်းတော်များသက်သက်လွတ် စားဖို့ သိက္ခာပုဒ်ပညတ်တော်မူပါဘုရား - ဆိုပြီး တောင်းပန်ခဲ့ဖူးပေမယ့် ဘုရားရှင်က ခွင့်မပြုခဲ့ဘူး။

အရင်းစစ်တော့ အမြစ်မြေက - ဆိုသလို မြောက်ပိုင်း ဗုဒ္ဓဘာသာခေါ် မဟာယာန၀ါဒ ဟာလဲ ဒုတိယသင်္ဂါယနာ တင်ချိန် ကတည်းက အဓမ္မ၀ါဒက နေ ဆင်းသက်လာတာမို့ အယူဝါဒတော်တော်များများ လွဲနေတာ မထူးဆန်းတော့ပါဘူး။

လွတ်မြောက်ရာ လမ်းများ နှိုင်းယှဉ်ချက်
ထေရ၀ါဒ ဘာသာ တွင် နိဗ္ဗာန် ပန်းတိုင်သို့ -
၁ ။ သမ္မာသမ္ဗုဒ္ဓ အဖြစ်နှင့် ကူးမြောက်ခြင်း၊
၂ ။ ပစ္စေကဗုဒ္ဓါ ဘုရားငယ်အဖြစ် ကူးမြောက်ခြင်း၊
၃ ။ သာဝက ဗောဓိ - ခေါ် ရဟန္တာအဖြစ် ကူးမြောက်ခြင်း ဟု သုံးမျိုးရှိသည်။

မဟာယာန ဘာသာတွင်လည်း -
Bodhisattvayana, ( ဗောဓိသတ္တ ယာန ) ဘုရားအလောင်းယာန၊
Prateka-Buddhayana, ( ပစ္စေက ဗုဒ္ဓယာန ) ပစ္စေဗုဒ္ဓါလောင်း ယာန၊
Sravakayana ( သာဝက ယာန ) သာဝကလောင်း ယာန၊ဖြင့် ကူးမြောက်ခြင်း ဆိုပြီး တူညီသော အမျိုးအစားများ တွေ့ရသည်။

ထေရ၀ါဒ နှင့် မဟာယာန၀ါဒတွင် တူညီသော အင်္ဂါ ( ၆ ) ချက်
(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊

(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။

အနတ္တကို နှစ်ဖက်စလုံးက လက်မခံကြပေမယ့် ကွဲပြားချက်က တရားတော်တွေ မဟုတ်ဘဲ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် အပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။

ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ထေရ၀ါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒပါ။
ထေရ၀ါဒမှာ ဗောဓိသတ္တကို လွတ်မြောက်ရာ သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်
သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေးတယ်။

ဖားအောက်ဆရာတော်ကြီးရဲ့ ဓမ္မစကြာနှင့် ၀ိပဿနာ တရားတော်ကို နာဖူးပါတယ်၊
မဟာယာန အယူဝါဒမှာ - အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်ဟာ ဒီဘ၀ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။ ရဟန္တာအဖြစ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်။

ထေရ၀ါဒ မှာတော့ မဟုတ်ဘူး - ပုထုဇဉ်ဘ၀ကနေ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အစဉ်အတိုင်းဖြစ်ပြီးရင် နိဗ္ဗာန်ကို မျက်မှောက်ပြုရတာပါပဲ၊ နောက်ဆုံးဘ၀ပေါ့၊ သူ့အတွက် ဒီဘ၀ ဒီခန္ဓာကိုယ်ဟာ နောက်ဆုံးပါပဲ၊ ဘုရားဟောထားတဲ့ စကားလေးတခွန်းရှိတယ်၊ ရဟန္တာဖြစ်တဲ့သူ များလဲ ပြောလေ့ရှိကြတယ်၊ အထူးသဖြင့် ဘုရားရှင်ကိုယ်တိုင်ပါ။

(၁) အကုပ္ပါ မေ ၀ိမုတ္တိ = ငါ၏ ရရှိပြီးသော အရဟတ္တဖိုလ် ဥာဏ်သည် ဘယ်လိုအကြောင်း
ကြောင့်မှ မပျက်စီးနိုင်တော့ပေ။
(၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘ၀သည် နောက်ဆုံးဘ၀ပဲ။ နောက်ထပ် ဘ၀သစ် ဆိုတာ မရှိတော့ဘူး၊
(၃) နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ - ၇ဟန္တာ ဖြစ်ပြီးရင် နောက်ထပ် ကျင့်ကြံစရာ လုံးဝ မရှိတော့ဘူး - တဲ့။

ဒါကို ထောက်သောအားဖြင့် ထေရ၀ါဒဟာ အားလုံး ဘုရားဟောစကားနဲ့ တူညီနေသေးတယ်။
မဟာယာနမှာတော့ ကိုယ်မကြိုက်တာတွေကို ပယ်လိုက်၊ ထုတ်လိုက် ပြန်ထည့်လိုက်၊ အသစ်ထပ်တိုးလိုက်နဲ့ ခေတ်အ ဆက်ဆက် ဖြတ်သန်းခဲ့တာမို့ ဘယ်တရားက ဘုရားဟော တရား အစစ်အမှန်လဲ ဆိုတာ တိတိကျကျ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါပြီ။ စစ်မှန်သော တရားတော်တို့ သည် မိမိတို့ လက်ထဲမှာသာ ရှိနေသေးသောကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ ဟုသာ တိုက်တွန်းစကားဆိုရင်း နိဂုံး ချုပ်ပါရစေ --

ဗုဒ္ဓသြ၀ါဒ

သိင်္ဂါလ သတို့သားအား မြတ်စွာဘုရား ဟောကြားခဲ့သော
သိင်္ဂါလောဝါဒသုတ် လင်္ကာများ
တလောကလုံး၊ ညွတ်ရုံးဦးချ၊ နိုင်းမမျှသား၊ ဘုရားရွှေစက်၊ ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား၊ ရိုညွတ်တွား၍၊ သားနှင့်မိဘ၊ တပည့်စသည်၊ ပြုရအံ့ဝတ်၊ ချွတ်မှုပါယ်ရွာ၊ လားမည်တာကြောင့်၊ သုတ်ပါထေယျ၊ ကျမ်း၌ပြသည့်၊ လောကကျင့်ရာ၊ အကျဉ်းမှာပိမ့်၊
နတ်ရွာဘို့လုံးလုံး၊ ကျက်၍သုံး။

သားသမီးကျင့်ဝတ် ၅ ပါး
ကျွေးမွေးမပျက်၊ ဆောက်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ် သားတို့တာ။


မိဘကျင့်ဝတ် ၅ ပါး
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ။

တပည့်ကျင့်ဝတ် ၅ ပါး
ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုးဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။

ဆရာကျင့်ဝတ် ၅ ပါး
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ၀တ်ငါးဖြာ။

လင့်ကျင့်ဝတ် ၅ ပါး
မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင် လင့်ကျင့်ရာ။

မယားကျင့်ဝတ် ၅ ပါး
အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။

မိတ်ဆွေကျင့်ဝတ် ၅ ပါး
ပေးကမ်းချီးမြှင့်၊ ကိုယ့်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

ဥစ္စာပျက်ကြောင်း ၆ ပါး
သေစာသောက်စား၊ လမ်းသွားခါမဲ့၊ ရှုငဲ့သဘင်၊ ပျော်ရွှင် အန်လောင်း၊ မကောင်းမိတ်ဖျင်း၊ ပျင်းရိခြင်းကား၊ ယိုယွင်း ဥစ္စာပျက်ကြောင်းတည်း။

သေရည်သောက်ခြင်း အပြစ် ၆ ပါး
ဥစ္စာယုတ်ခြင်း၊ ငြင်းခုန်များစွာ၊ ရောဂါထူပြော၊ ကျော်စောမဲ့ထုံ၊ မလုံအင်္ဂါ၊ ပညာနည်းရှား၊ ဤခြောက်ပါးကား၊ သောက်စား သေစာအပြစ်တည်း။

အခါမဲ့ သွားလာခြင်း အပြစ် ၆ ပါး
ကိုယ်မလုံခြုံ၊ လုံခြုံကင်းငြား၊ သားမယားတည့်၊ စီးပွါးမလုံ၊ ဖြစ်တုံသံသယ၊ မှုပါပ၌၊ များကစွပ်စွဲ၊ လွန်ဆင်းရဲဟု၊ ဖြစ်မြဲခြောက်ပါး၊ အပြစ်များသည်၊ ရငြားခါမဲ့သွားပြစ်တည်း။

သဘင်ပွဲလမ်း အပြစ် ၆ ပါး
ကခြင်းတစ်လီ၊ သီခြင်းတသီး၊ မှုတ်ခြင်းတသင်း၊ ပြိန်ဖျင်းတစ်အုပ်၊ လက်ခုပ်တစ်တည်၊ အိုးစည်တစ်ဖြာ၊ ရှိရာရှာ၍၊ သွားလာကြည့်ရှု၊ ဤခြောက်ခုကား၊ ကြည့်ရှုသဘင် အပြစ်တည်း။

မိတ်ဆွေတု ၄ ယောက်
(က) ကိုယ်ကျိုးကြည့် မိတ်ဆွေတု
၁။ သူတပါးထံမှ ယူသာယူ၍ မိမိကမူ မပေးကမ်းခြင်း။
၂။ နည်းနည်းသာပေး၍ များများရလိုခြင်း။
၃။ ဘေးရောက်သည့်အခါ ခိုးကိုးရာအဖြစ် သူတပါးထံ သွား၍ လုပ်စရာရှိသမျှ
လုပ်ကိုင်ပေးခြင်း။
၎။ ကိုယ်ကျိုးအတွက် သူတစ်ပါးနှင့် ဆက်ဆံပေါင်းသင်းခြင်း။
ဤ အင်္ဂါလေးပါးနှင့် ပြည့်စုံသူကို အညဒတ္ထဟရ မိတ်ဆွေတု၊ ကိုယ်ကျိုးကြည့် မိတ်ဆွေတု ဟုခေါ်သည်။

(ခ) အပြောသမား မိတ်ဆွေတု
၁။ ရှေးက ဖြစ်ထွန်းခဲ့ဘူးသည့် စည်းစိမ်ဥစ္စာကို မပေးခဲ့ရခြင်းကြောင့် စိတ်မကောင်းကြောင်း
ပြောလေ့ရှိခြင်း။
၂။ နောင်ခါမှာ ဖြစ်ထွန်းလာမည့် စည်းစိမ်ဥစ္စာကို ပေးမည်ဟု ပြောဆိုလေ့ရှိခြင်း။
၃။ အကျိုးမရှိသော အရာဖြင့် ချီးမြှောက်ခြင်း၊
၎။ ပေးလို့ဖြစ်နိုင်သော အရာများကို တစ်စုံတစ်ရာ ပျက်စီးနေဟန် အကြောင်းပြ၍ ပေးလို့မဖြစ်
ဟု ပြောဆိုလေ့ရှိခြင်း။

မိတ်ဆွေစစ် ၄ ယောက်
(က) ကျေးဇူးပြုသော မိတ်ဆွေစစ်
၁။ မေ့လျော့သူကို စောက်ရှောက်တတ်ခြင်း၊
၂။ မေ့လျော့သူ၏ စည်းစိမ်ဥစ္စာကို စောင့်ရှောက်တတ်ခြင်း၊
၃။ ကြောက်ရွံ့နေသူ၏ အားကိုး အားထားရာ ဖြစ်ခြင်း၊
၎။ ပြုဖွယ်ကိစ္စ ရှိလာလျှင် လိုအပ်သည်ထက် နှစ်ဆ ကူညီခြင်း၊
ဤ အင်္ဂါလေးပါးနှင့် ပြည့်စုံသူကို ဥပကာရက မိတ်ဆွေစစ်၊ ကျေးဇူးပြုသော မိတ်ဆွေစစ် ဟု ခေါ်သည်။

(ခ) ဆင်းရဲအတူ ချမ်းသာအမျှ မိတ်ဆွေစစ်
၁။ သူ၏ လျှို့ဝှက်ထားသော အကြောင်းကိစ္စကို မိမိအားသာ ပြောခြင်း၊
၂။ မိမိ၏ လျှို့ဝှက်ထားသော အကြောင်းကိစ္စကို သူတပါးအား မပြောကြားဘဲနှုတ်လုံခြင်း၊
၃။ အခက်အခဲ ဘေးရန်အန္တရာယ်နှင့် တွေ့ကြုံလာလျှင် မိမိကို စွန့်ပစ်မသွားခြင်း၊
၎။ မိမိအကျိုးအတွက် အသက်ကိုပင် စွန့်နိုင်သူဖြစ်ခြင်း။

ဒါယကာကျင့်ဝတ် ၅ ပါး
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ကြင်၊ ခင်မင်နှုတ်ချို၊၊ လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ၊ ၀တ်ငါးထွေ၊ ပြုလေ ဒါယကာ။

ရဟန်းကျင့်ဝတ် ၆ ပါး
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကျူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု၊ ခြောက်ခု လွန်သေချာ။
ကျမ်းသိင်္ဂါလ၊ သုတ်ဝယ်ပြ၊ သုံးဝမြတ်ဆရာ။
ကျင့်ဝတ်မပြေ၊ ပါယ်လေးထွေ၊ လားလေရှည်မြင့်ကြာ။
ဤသည့်ဝတ်ကုန်၊ ဆွေမျိုးစုံ၊ ခြောက်ဘုံထက်နတ်ရွာ။

လှည်းဘီးပြင်က၊ နားစောင့်ချသို့၊ မိဘနှင့်သား၊ မယားနှင့်လင်၊ အရှင်နှင့်ကျွန်၊ ထေရ်မွန်ဒကာ၊ မိတ်သဟာနှင့်၊ ဆရာတပည့်၊ တည့်တည့်မချွတ်၊ ကျင့်ဝတ်စုံလင်၊ ဖြူသန့်စင်မူ၊ ရှင်လည်းမကွေ၊ သေလည်းမကွာ၊ နတ်ရွာလူ့ပြည်၊ လှည့်လည်အတူ၊ ခံစားမူ၍၊ နိဗ္ဗူရွှေပြည်၊ ၀င်အံ့သည်တည့်၊ မတည်ကျင့်ဝတ်၊ ချွတ်သူတို့မှာ၊ မလွတ်သာသည်၊ လေးရွာဘို့လုံးလုံး လူဖြစ်ရှုံး။

Wednesday, June 2, 2010

ပညာရှိ

ပညာရှိတို့သည် ကိုယ့်ဂုဏ်ကို ကိုယ်တိုင်ဖေါ်ထုတ်ပြောဆိုခြင်း မရှိပေ။ သူတပါးတို့က ပြောမှသာ ပညာရှိတို့၏ ဂုဏ်ကို သိနိုင်၏။ မကြွားဝါတတ်ခြင်း၊ ကိုယ်ရည်သွေးမှု မရှိခြင်းသည် ပညာရှိတို့၏ ပင်ကိုယ် သဘောထားတစ်ရပ် ဖြစ်သည်။ (မ၊ ဋ္ဌ၊ ၄၊ ၅၆)။
ပညာရှိတို့သည် ရေပြည့်အိုးနှင့် တူ၏။ ရေပြည့်အိုးသည် အသံမမြည် ဘောင်ဘင် မခတ်သကဲ့သို့ ပညာရှိတို့သည် အခါအခွင့် သင့်မှသာ စကားကေို ပြောတတ်သည်။ အခါအခွင့် မသင့်က အသံမမြည်ပဲ ငြိမ်သက်စွာနေတတ်၏။ (သုတ္တ၊ ၃၉၀)။

နောင်တ ဆယ်ပါး

(၁) ငယ်ခါကပင်၊ မသင်ပညာ
(၂) ဥစ္စာမစု
(၃) သူ့ကိုချစ်ဖျက်
(၄) သူ့သက်သတ်စား
(၅) သူ့မယား၌ ပြစ်မှားတုံဘိ
(၆) ပစ္စည်းရှိလျှက် စိုးစိမလှူ
(၇) မွေးမြူမိဘ မပြုရနှင့်
(၈) ဆုံးမ မနာ
(၉) ပညာရှိထံ နည်းခံမမှတ်
(၁၀) အမြတ်မကျင့်
ဤဆယ်ဆင့်ကား၊ ကြီးရင့်ဇရာ၊ အိုသောခါ၌၊ ပူဆာနောင်တ၊ ရတတ်စွတည်း။
မဃဒေ၀၊ ပိုဒ်၊ ၃၂၁။

နာယကဂုဏ်(၆)ပါး

၁။ ခမာဂုဏ်- မီးမပွားလောက်သည့် အမှုတို့၌ ပမာဏမပြုပဲ သီးခံခြင်း။
၂။ ဇာဂရိယဂုဏ်- သွားခြင်း၊ နေခြင်း၊ အိပ်ခြင်း၊ ၀တ်ခြင်း၊ စားခြင်း စသည်တို့၌ သတိပညာ ထပ်ကြပ်ပါခြင်း။
၃။ ဥဋ္ဌာနဂုဏ်- ခပ်သိမ်းသော အခွင့်တို့၌ ငယ်သူငယ်သားတို့ထက် ၂-ဆ၊ ၃-ဆ တက်၍ လုံ့လရှိခြင်း။
၎။ သံဝိဘာဂဂုဏ်- အလိုက်အထိုက်ကို ချင့်၍ ဝေဖန်ထုံးဖွဲ့ခြင်း။
၅။ ဒယာဂုဏ်- ငယ်သူငယ်သားတို့အား မိမိကဲ့သို့ သနားချစ်ခင် ကြင်နာခြင်း။
၆။ ဣက္ခဏဂုဏ်- အလုံးစုံသော အခွင့်အရေးတို့ကို တွေးမျှော်ဆင်ခြင်ခြင်း။

မင်းကျင့်တရား ၁၀-ပါး

၁။ ဒါန- လှူဒါန်းခြင်း။
၂။ သီလ- ၅ ပါး၊ ၁၀ ပါး သီလ ဆောက်တည်ခြင်း။
၃။ ပရိစ္စာဂ- ပေးကမ်းချီးမြောက် ထောက်ပံ့ခြင်း။
၎။ အဇ္ဖ၀- စိတ်နှလုံး ဖြောင့်မတ်ခြင်း။
၅။ မဒ္ဒ၀- ကိုယ်နှုတ် နူးညံ့ သိမ်မွေ့ခြင်း။
၆။ တပ- ဥပုသ်သီလ ဆောက်တည်ခြင်း။
၇။ အက္ကောဓန- ဒေါသမထွက်ခြင်း။
၈။ အ၀ိဟိံသ- တိုင်းသူပြည်သားများကို မညဉ်းဆဲခြင်း။
၉။ ခန္တီ- သီးခံခြင်း။
၁၀။ အ၀ိရောဓန- တိုင်းသူပြည်သားတို့နှင့် မဆန့်ကျင်ခြင်း။
ဇာတက၊ ၂၊ ၉၇။

ပညာနှင့်စပ်သော မိန့်ဆိုချက်များ

ကျူမိုးအိမ်၊ မြက်မိုးအိမ်မှ လွင့်စင်လာသော မီးသည် အိမ်ကြီး အိမ်ကောင်းတို့ကို လောင်ကျွမ်း သကဲ့သို့ အလုံးစုံသော ဘေးရန်တို့သည် သူမိုက်တို့ကြောင့် ဖြစ်ကုန်၏။ ပညာရှိတို့ကြောင့် မဖြစ်ကုန်။
ဗုဒ္ဓ (အံ၊ ၁၊ ၉၉)

ပညာရှိသည် နည်းမှန်လမ်းမှန်ကို ကျင့်တတ်၏။ မပြုသင့်သော အရာမျိုး၌ မတိုက်တွန်းတတ်၊ မှန်ကန်သော နည်းလမ်းသည် ပညာရှိအတွက် အကောင်း အမြတ်ဖြစ်၏။ ပညာရှိသည် အကျိုးသင့် အကြောင်းသင့် ပြောဆိုသော် စိတ်မဆိုးတတ်၊ စည်းကမ်း နည်းလမ်းကို နားလည် ကျင့်သုံးတတ်၏။ ထိုပညာရှိနှင့် ပေါင်းသင်းရခြင်းသည် ကောင်းမြတ်၏။
ဗုဒ္ဓ (ဇာ၊ ၁၊ ၂၆၇)

လူမိုက်နှင့် အတူတကွ နေရခြင်းသည် ရန်သူနှင့် နေရသကဲ့သို့ အခါခပ်သိမ်း ဆင်းရဲ၏။ ပညာရှိနှင့် အတူတကွ နေရခြင်းသည် ဆွေမျိုးနှင့် နေရသကဲ့သို့ ချမ်းသာ၏။
ဗုဒ္ဓ (ဓမ္မပဒ၊ ၄၄)

ပညာမဲ့ လူမိုက်တို့၏ ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းသည် ပမာဏမဟုတ် (မဓာနမဟုတ်၊ အလေးးထားစရာ မလို)။ ပညာရှိတို့၏ ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းသည်သာ မာဏဖြစ်သည် (အလေးထား သင့်သည်)။ (ဓမ္မပဒ၊ ဋ္ဌ၊ ၂၊ ၂၁၀)
ပညာမဲ့သူတို့၏ ချီးမွမ်းခြင်းနှင့် ပညာရှိတို့၏ ကဲ့ရဲ့ခြင်း (နှစ်ခု) တို့တွင် ပညာရှိတို့၏ ကဲ့ရဲ့ခြင်းက မြတ်သေး၏။ ပညာမဲ့သူတို့၏ ချီးမွမ်းခြင်းသည်ကား မမြတ်သည်သာတည်း။
ဂေါဒတ္တထေရ၊ (ထေရ၊ မြန်၊ ၁၀၇)

တောင်ဇလပ်ပန်းကို ပေါက်ဖက်နှင့် ထုပ်လျှင် ပေါက်ဖက်များလည်း မွှေးကြိုင်သွားသကဲ့သို့ ပညာရှိကို မှီဝဲသောသူသည် အခြားပညာရှိ သူတော်ကောင်းတို့၏ နှစ်သက်ဖွယ်၊ ချီးမွမ်းဖွယ် ပုဂ္ဂိုလ် အဖြစ်သို့ ရောက်ရသည်။
ဗုဒ္ဓ (ဣတိဝုတ်၊ ၂၄၁)

ပညာရှိသည် ကုန်းတိုက်တတ်သူနှင့်လည်းကောင်း၊ အမျက်ထွက်လေ့ရှိသူနှင့် လည်းကောင်း၊ သတ္တ၀ါတို့ ပျက်စီးခြင်းကို လိုလားနှစ်သက်သူနှင့် လည်းကောင်း၊ ပေါင်းဖော်ခြင်းကို မပြုရာ။ သူယုတ်မာနှင့် ပေါင်းဖော်ရခြင်းသည် ယုတ်မာ၏။
ပညာရှိသူသည် ယုံကြည်မှု သဒ္ဓါရှိသူနှင့်လည်းကောင်း၊ ကိုယ်ကျင့်သီလကို ချစ်မြတ်နိုးသူ နှင့်လည်းကောင်း၊ ဥာဏ်ပညာပြည့်စုံသူနှင့်လည်းကောင်း၊ အကြားအမြင်များသူနှင့် လည်းကောင်း ပေါင်းဖော်ခြင်းကို ပြုရာ၏။ ပညာရှိသူတော်ကောင်းနှင့် ပေါင်းဖော်ရခြင်းသည် ကောင်းမြတ်လှ၏။
အာနန္ဒတ္ထေရ၊ (ထေရ၊ မြန်၊ ၁၄၇)

ပညာကြီးသူသည် မိမိဆင်းရဲရန် မလှုံ့ဆော်၊ သူတပါးဆင်းရဲရန် မလှုံ့ဆော်၊ နှစ်ပါးစုံ ဆင်းရဲရန် မလှုံ့ဆော်။ မိမိ၏ အစီးအပွား၊ သူတပါး၏ အစီးအပွား၊ မိမိသူတပါး နှစ်ပါးစုံတို့၏ အစီးအပွား၊ အလုံးစုံသော သတ္တလောက၏ အစီးအပွားကို သာလျှင် ကြံစည်၏။
ဗုဒ္ဓ (အံ၊ ၁၊ ၄၉၈-၉)

ပညာသည် ကြားမြင်အပ်တိုင်းသော အရာကို ဆုံးဖြတ်နိုင်ခြင်း သဘောရှိ၍ မျက်မှောက်မျက်ကွယ် ကျော်စောသတင်း ပျံ့နှံ့ခြင်းကို တိုးပွားစေနိုင်၏။ လောက၌ ပညာရှိသောသူသည် ဆင်းရဲဒုက္ခမှသော်လည်း ချမ်းသာသုခကို ထုတ်နုတ်ရယူနိုင်၏။
ထေရ၊ ၃၀၂။
           Burmese Children မှတင်ပြပါသည်။

ကမ္ဘာကျော် သင့်သောအနုပညာလက်ရာများ


ကမ္ဘာကျော် အနုပညာနိုင်ငံ ပြင်သစ်၌ နေထိုင်ကာ သူ၏ အနုပညာလက်ရာများဖြစ်သော ၀တ္ထုရှည်၊ ကဗျာ၊ ပန်ချီးကားများ ကို သူ၏ အကျိုးအတွက် လုံးဝအသုံးမပြုပဲမြန်မာပြည်သူပြည်သား နှင့် ကိုယ်အင်္ဂါချို့ တဲ့သူ များအတွက် လွတ်လပ်သောစာပေနှင့်အနုပညာအဖွဲ့ (Free Literature and Art Organization) (FLAO)အား ဘ၀တစ်သက်လှူတန်းထားသော အနုပညာရှင် (အရှင်-Ashin) အား ကျွန်ုပ်တို့ မြန်မာပြည်သားတို့  ပရီးမီးယားလိဒ် (premier league) မှ ဘောလုံးသမားများ၊ ဟောလီးဝုဒ် (Hollywood) မှ အနုပညာရှင်များထက် ပိုမိုအားပေးသင့် ပါကြောင်း၊ မြန်မာမီဒီယာများမှလည်းပဲ မြန်မာပြည်သားတစ်ယောက် အတွက်ဂုဏ်ယူ စွာဖြင့် အကျယ်တ၀င့်ရေသားသင့်ပါကြောင်း သူ၏ အနုပညာလက်ရာ အချို့ နဲ့  အတူ ၀မ်းမြောက်စွာပေးပို့ လိုက်သည်။
ဆက်သွယ်ရန် - ashin8255@gmail.com
childreninburma@gmail.com ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။